Home
မြန်မာသတင်း
ရွှေဘိုမြို့အဝင် စစ်ဆေးရေးဂိတ်အနီး၌ မိသားစုဝင် ၃ ဦး မိုင်းနင်းမိပြီး ၁ ဦး စိုးရိမ်ရ
DVB
·
March 16, 2026
Photo: DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီးမှာ မတ် ၁၅ ရက် ညနေ ၆ နာရီကျော်က ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားလာတဲ့ ပြည်သူ ၃ ယောက် မိုင်းနင်းမိပြီး အဲဒီထဲက တယောက်ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဆိပ်ခွန်ကျေးရွာက အသက် ၅၅ နှစ်အရွယ် ဦးကံဌေးနဲ့ ဇနီးဖြစ်သူ၊ သမက်ဖြစ်သူတို့ ၃ ယောက်ဟာ ရွှေဘိုမြို့ဘက်ကို သွားတဲ့လမ်း၊ မင်းကုန်းကျေးရွာနဲ့ အိုးဘိုကျေးရွာကြားက တံတားအနီးမှာ မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။

​ဒေသခံတွေရဲ့ ပြောပြချက်အရ ဦးကံဌေးဟာ မိုင်းစထိမှန်တာကြောင့် မေးရိုးကျိုးပြီး မျက်နှာအောက်ပိုင်းမှာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကာ အရေးပေါ် ဆေးကုသမှု ခံယူနေရပါတယ်။ အတူပါလာတဲ့ ဇနီးနဲ့ သမက်ဖြစ်သူကတော့ ဒဏ်ရာ သိပ်မပြင်းထန်ဘူးလို့ သိရပါတယ်။

​အဆိုပါ မိသားစုဝင်တွေဟာ တောထဲမှာ အကောင်ကိုက်ခံရလို့ ဆေးရုံကို အရင်ပို့ထားရတဲ့ သမီးဖြစ်သူဆီ အဝတ်အစားတွေ ယူဆောင်ပြီး လိုက်သွားတဲ့အချိန်မှာ အခုလို မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။

​ဒီနေရာဟာ မိုင်းပေါက်ကွဲမှုတွေ ခဏခဏ ဖြစ်ပွားလေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်ကလည်း အသက် ၆၀ အရွယ် အမျိုးသားတယောက် မိုင်းနင်းမိပြီး သေဆုံးခဲ့ပါတယ်။

​စာရင်းဇယားတွေအရ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ဒီ မင်းကုန်းရွာနဲ့ အိုးဘိုရွာကြား လမ်းပိုင်းမှာ မိုင်းနဲ့ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် သေဆုံးသူ ၆ ယောက်နဲ့ ဒဏ်ရာရသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့ပါတယ်။

အခုလိုဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ရွှေဘို-မင်းကုန်း-ဆိပ်ခွန် လမ်းပိုင်းကို အသုံးပြုနေကြတဲ့ ဒေသခံတွေဟာ နေဝင်ရီတရောအချိန်နဲ့ ညပိုင်းတွေမှာ သွားလာဖို့အတွက် အတော်လေး စိုးရိမ်ထိတ်လန့်နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013