
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲက ကာကွယ်ရေးတပ်တွေရဲ့ စစ်ဆေးရေးဂိတ်တွေ ပိတ်သိမ်းဖို့ ညွှန်ကြားချက်တွေ အခု ဖေဖော်ဝါရီလထဲမှာပဲ ဆက်တိုက်ထုတ်ပြန်လာပြီး ဒါဟာ လူထုရဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြေလျှော့ပေးဖို့ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရွှေဘိုခရိုင်စစ်ဌာန ၁ နဲ့ ၂ နယ်မြေအတွင်းက ဂိတ်တွေကို ပိတ်သိမ်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့နဲ့ အမှတ် ၂ ရွှေဘိုခရိုင်၊ ခရိုင်ကွပ်ကဲရေးအဖွဲ့တွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်က ကြေညာခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာတော့ ရွှေဘိုခရိုင် အမှတ် ၁ နဲ့ အမှတ် ၂ နယ်မြေအတွင်းက PDF တပ်ရင်းတွေ၊ Local PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ ဖွင့်လှစ်ထားတဲ့ အလှူခံဂိတ်၊ မဲရောင်းဂိတ်၊ လမ်းပြုပြင်ရေး ရန်ပုံငွေဂိတ်၊ စစ်ဆေးရေးဂိတ် စတဲ့ ဂိတ်အားလုံးကို စနစ်တကျ စိစစ်ဆောင်ရွက်မှု ပြုလုပ်နိုင်ဖို့ ပိတ်သိမ်းရမယ်လို့ ကြေညာခဲ့ပါတယ်။
အခွန်ဂိတ်လျှော့ချရေးနဲ့ ပတ်သက်ပြီး ၂၀၂၅ ထဲက ရှိခဲ့တဲ့ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်နေတာဖြစ်လို့ လုံခြုံရေးအတွက် ဖွင့်လှစ်ထားတဲ့ ဂိတ်တွေကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားမှာဖြစ်ပြီး အခွန်ဂိတ်တွေကိုတော့ အဓိကထားပြီး ပိတ်သွားမယ်လို့ ဆိုပါတယ်။
အခုလို ဂိတ်တွေ ပိတ်သိမ်းရတာဟာ ပြည်သူ့ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့ ရည်ရွယ်ပြီး အခွန်မကောက်ခံရတဲ့အခါ လိုအပ်ချက်ရှိလာတဲ့ တပ်ရင်းတပ်ဖွဲ့တွေအတွက် ပြန်လည်မျှဝေပေးဖို့လည်း စီစဉ်နေတယ်လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက DVB ကို ပြောပါတယ်။
“လူထုရဲ့ ဝန်ထုပ်ဝန်ပိုးတွေ လျှော့ချဖို့လည်း ကျနော်တို့က လိုအပ်တယ်ပေါ့လေ။ ပြည်သူလူထုက အခွန်ဆောင်ချင်တယ်၊ တော်လှန်ရေးမှာ ပါဝင်ချင်တယ်။ သို့သော် တအားကြီး ဝန်ထုပ်ဝန်ပိုး ဖြစ်လာတော့ ပြည်သူလူထုလည်း ငြီးငွေ့တယ်ပေါ့လေ။ ဒီဟာကိုလည်း ဖြေရှင်းပေးတာလည်း ပါပါတယ်။ ကောင်းကျိုးအနေနဲ့ကတော့ လူထုက အခွန်ကို သတ်မှတ်တဲ့နှုန်းထားကို အတိအကျဖြစ်အောင် တနေရာတည်းမှာ စုပြီးတော့ ကောက်နိုင်ဖို့၊ ဒါကိုလည်း ဒီဘက်က စီစဉ်နေတာတွေ ရှိပါတယ်။”
ရွှေဘိုခရိုင် အမှတ် ၁ စစ်ဒေသထဲမှာတော့ တန့်ဆည်၊ ဒီပဲယင်း၊ ရေဦးမြို့နယ်တို့ ပါဝင်ပြီး ပိတ်ဖို့ ညွှန်ကြားထားတဲ့ ဂိတ်တွေကိုတော့ ဖေဖော်ဝါရီ ၁၇ ရက်က ပိတ်လိုက်ပြီလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက အတည်ပြု ပြောဆိုပါတယ်။
ရေဦးမြို့နယ်ထဲမှာတော့ အရင်က လုံခြုံရေးဂိတ် ၃ ဂိတ်၊ မြို့နယ်အခွန်ဂိတ် ၃ ဂိတ်၊ စည်ပင်ဂိတ် ၆ ဂိတ်၊ ဆည်မြောင်းဂိတ် ၅ ဂိတ်၊ စစ်အောင်နိုင်ရေး ရန်ပုံငွေဂိတ် ၂ ဂိတ် ဖွင့်လှစ်ခဲ့တာပါ။
ဂိတ်တွေပိတ်သိမ်းပေးဖို့ ညွှန်ကြားချက်ရပြီး နောက်ပိုင်းမှာတော့ ငွေကောက်ခံတဲ့ အခွန်ဂိတ် ၁ ဂိတ်၊ စည်ပင်ဂိတ် ၁ ဂိတ်၊ ဆည်မြောင်းဂိတ် ၁ ဂိတ်၊ စစ်အောင်နိုင်ရေး ရန်ပုံငွေဂိတ် ၂ ဂိတ်နဲ့ လုံခြုံရေးဂိတ်တွေကို ဖွင့်လှစ်ထားပြီး မလိုအပ်တဲ့ ဂိတ်အားလုံးကို ပိတ်ပင်လိုက်ပြီလို့ ရေဦးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ရေဦးမြို့နယ်မှာတော့ အရင်ထဲက အခွန်မူဝါဒအတိုင်း အခွန်ကောက်ခံခဲ့တဲ့အတွက် အခုလို ဂိတ်တွေပိတ်ခိုင်းတဲ့အပေါ်မှာတော့ အပြောင်းအလဲ သိပ်မရှိဘူးလို့ ရေဦးမြို့နယ် ပကဖတာဝန်ခံက ပြောပါတယ်။
“ကျနော်တို့မြို့နယ်မှာတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ထူးခြားမှု သိပ်မရှိဘူး။ ဒီဘက်ဂိတ်မှာ ဆောင်ပြီးရင် ဟိုဘက်ဂိတ်မှာ ဆောင်စရာမရှိတော့ဘူး ဆိုတော့ အသံတော့ သိပ်မရှိဘူး။ အခွန်မူဝါဒအတိုင်းပဲ သွားထားတာဆိုတော့လေ၊ အခွန်လည်း ၂ ထပ်မရှိဘူး၊ ဂိတ်အနေနဲ့ လျှော့ချတယ် ဆိုတာက သဘောကျပါတယ်။ တချို့မြို့နယ်တွေမှာတော့ အတော်လေးများ ပြဿနာတက်နေကျတော့ အသံတွေ လိုင်းပေါ်မှာလည်း ကြားနေရတာကိုး၊ အခွန်ကိစ္စတွေ တရားမဝင် အခွန်ဆောင်ခိုင်းတဲ့ကိစ္စတွေ လိုင်းပေါ်မှာ တွေ့နေတာကိုး၊ ကိုယ့်မြို့နယ်မှာ မဖြစ်ပေမဲ့ တခြားမြို့နယ်မှာ ဖြစ်နေတာကို ဒီလိုပုံစံမျိုးလုပ်လိုက်တော့ ပိုပြီးသင့်လျော်ပါတယ်။”
ရွှေဘိုခရိုင် အမှတ် ၂ စစ်ဒေသထဲမှာတော့ ရွှေဘို၊ ခင်ဦး၊ ဝက်လက်မြို့နယ်တို့က ဂိတ်တွေ ပါဝင်ပြီး ဖေဖော်ဝါရီ ၂၅ ရက်မှာ နောက်ဆုံးထား ပိတ်သိမ်းရမယ်လို့ ကြေညာထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကာကွယ်ရေးတပ်တွေ စိုးမိုးနယ်မြေတွေမှာ ငွေကောက်ခံတဲ့ စစ်ဆေးရေးဂိတ်တွေ များပြားခဲ့တာကြောင့် အဘက်ဘက်က ကျပ်တည်းနေတဲ့ လူထုကြား ဝေဖန်ပြောဆိုမှုတွေ မြင့်တက်ခဲ့ပါတယ်။
ဝက်လက်မြို့နယ်ထဲမှာတော့ အခွန်ကောက်တဲ့ဂိတ်တွေ များတဲ့အတွက် အခြေခံလူသုံးကုန်တွေ ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ဟင်းချိုမှုန့်တွေရဲ့ ကုန်ဈေးနှုန်းဟာ တခြားမြို့နယ်တွေနဲ့ယှဉ်ရင် ၂ ဆ ကြီးမြင့်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
အခွန်ဂိတ်တွေ များတဲ့အတွက် အဆင်မပြေပေမဲ့ တော်လှန်ရေးအတွက် ရန်ပုံငွေဖြစ်စေမဲ့ အခွန်ငွေ ပေးဆောင်ရတာမျိုးတော့ ဖြစ်သင့်တယ်လို့ ဝက်လက်ဒေသခံတယောက်က ပြောပါတယ်။
“အမတို့ ဖြစ်စေချင်တာက ဒီမြို့နယ်မှာရှိတဲ့ အခွန်ဂိတ်တွေက ရတဲ့ငွေကြေးတွေဟာ တော်လှန်ရေးရဲဘော်တွေဖြစ်တဲ့ PDF တွေရဲ့ လက်နက်ခဲယမ်းဝယ်ဖို့ သုံးစွဲတာကလွဲရင် ကျန်တာကိုတော့ အခွန်မကောက်စေချင်တော့ဘူး။ အဲဒါတောင်မှ တော်တော်နာလှပြီ။ တပ်ရင်းတပ်ဖွဲ့တွေက များတာကို။ စစ်အနိုင်တိုက်ရေးအတွက် လက်နက်ခဲယမ်း ကျည်ဆန်ဝယ်ဖို့ ဂိတ်တက်တယ် ဆိုတာလောက်ပဲ ဖြစ်စေချင်ပါတယ်၊ ဒါဆို ပြည်သူကလည်း ကြည်ဖြူမှာလေ။”
လက်ရှိ ထုတ်ပြန်လိုက်တဲ့အတိုင်း အခွန်ဂိတ်တွေမှာ အခွန်မူဝါဒအတိုင်း တိတိကျကျ ကောက်ယူမယ်ဆိုရင် စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတချို့မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကို လျှော့ချနိုင်မယ်လို့ ပြည်သူတွေက မျှော်လင့်နေကြသလို စောင့်ကြည့်ရမဲ့ အခြေအနေတခုလည်း ဖြစ်ပါတယ်။
သီရိ


