
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ပကဖ စစ်ဆေးရေးဂိတ်တွေနဲ့ လုံခြုံရေးဂိတ်အားလုံးကို ဖေဖော်ဝါရီ ၁၇ ရက် ကစပြီး ပိတ်သိမ်းဖို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ မိမိသဘောအလျောက် ဂိတ်တွေ ဆက်လက်ထားရှိမယ်ဆိုရင် ဒါဟာ မိမိတို့ရဲ့ တာဝန်သာဖြစ်ကြောင်း သတိပေးထားပါတယ်။
ဒီလို ပိတ်သိမ်းရတာဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာနရဲ့ ညွှန်ကြားချက်အရ ဖြစ်ပြီး ခရိုင်အတွင်းမှာရှိတဲ့ PDF တပ်ရင်းတွေ၊ Local PDF တွေနဲ့ ပကဖတွေ ဖွင့်လှစ်ထားတဲ့ အလှူခံဂိတ်၊ မဲရောင်းဂိတ်၊ လမ်းပြုပြင်ရေးဂိတ်နဲ့ စစ်ဆေးရေးဂိတ်တွေကို စနစ်တကျ စိစစ်နိုင်ဖို့အတွက် အခုလို ညွှန်ကြားခဲ့တာလို့ ဒီပဲယင်းမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ ခရိုင်က ညွှန်ကြားချက်နဲ့ အခုတော့ အားလုံးပိတ်ထားပြီး လမ်းပြုပြင်ရေးဂိတ်တွေကတော့ ပြန်ဖွင့်ဖို့ ရှိကာ ဂိတ်တွေများလို့ လျှော့ချသွားမှာဖြစ်ပြီး အခွန်တွေကိုလည်း လျှော့ချဖို့ရှိတယ်လို့လည်း ဆိုပါတယ်။
အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာနက ဂိတ်တွေအားလုံးကို ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်းဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကတည်းက ညွှန်ကြားစာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။


