
စစ်ကိုင်းတိုင်းအတွင်းက ဒေသတချို့မှာ တော်လှန်ရေးလှုပ်ရှားမှုတွေ များပြားနေရတာဟာ ဒေသခံတွေရဲ့ အသိပညာ၊ အတတ်ပညာ အားနည်းမှုတွေကြောင့် ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြစ်တင် ပြောဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမမှာ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံခဲ့တဲ့အချိန်မှာ အခုလို ပြောကြားခဲ့တာလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းမီဒီယာတွေမှာ ဖော်ပြထားတာပါ။
စစ်ခေါင်းဆောင်က “နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမှာ ဖြစ်ပေမဲ့ အခုအခါမှာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေကြတယ်။ ဒါဟာ အသိပညာ၊ အတတ်ပညာ အားနည်းမှုတွေနဲ့ ဆက်စပ်နေတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေဟာ နိုင်ငံရေးကို အကြောင်းပြပြီး ကိုယ်ကျိုးအတွက် သယံဇာတတွေကို တရားမဝင် ထုတ်ယူနေသလို လက်နက်အားကိုးနဲ့ ပြည်သူတွေဆီကနေ ငွေကြေး အတင်းအဓမ္မ ကောက်ခံနေတာကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်လို့လည်း စွပ်စွဲ ပြောဆိုပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တော်လှန်ရေးအဖွဲ့တွေကို ဝိုင်းဝန်းတိုက်ဖျက်ကြဖို့လည်း စစ်ခေါင်းဆောင်က တိုက်တွန်းသွားခဲ့ပါတယ်။
စစ်ခေါင်းဆောင်က စာသင်ကျောင်းနဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းကနေ ဗုံးအပြင်းအထန်ကြဲပြီး တိုက်ခိုက်ဖျက်ဆီးနေတဲ့ စစ်ကိုင်းတိုင်းထဲက ခရီးစဉ်မှာ ပြည်သူတွေကို အသိပညာ၊ အတတ်ပညာ အားနည်းလို့ အခုလို ဆူပူသောင်းကျန်းတာလို့ ပြောဆိုချက်အပေါ် ပြည်သူတွေအနေနဲ့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။


