
စစ်ကိုင်းတိုင်းကို ပြောင်းရွှေ့အမိန့်ကျတဲ့အတွက် လှိုင်သာအနောက်ပိုင်းမြို့နယ် မြို့မရဲစခန်းမှာ ဒုရဲအုပ်တယောက် ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၁ နာရီက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ခတ်ပြီး အဆုံးစီရင်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
"မြို့နယ်ခန်းမမှာ တာဝန်မှူးကျနေတာ၊ စစ်ကိုင်းတိုင်း ပြောင်းရွှေ့အမိန့်ကျလို့ အဲကနေ ရဲစခန်းကို ပြန်တဲ့အချိန် ရဲစခန်းမှာ နားထင်ကို သေနတ်နဲ့ပစ်ပြီး သတ်သေသွားတာ။"
ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ ရဲအရာရှိမှာ လှိုင်သာယာအနောက်ပိုင်းမြို့နယ် မြို့မရဲစခန်းက ဒုရဲအုပ် သန့်ဇော်ဦးဖြစ်ပြီး ရုပ်အလောင်းကို လှိုင်သာယာဆေးရုံကို ပို့ဆောင်ထားတယ်လို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“ပြောင်းရွှေ့မိန့်ကျတာက ကြာပြီ၊ စစ်ကိုင်းမပြောင်းရရေးအတွက် လိုက်လုပ်နေတာမရလို့ အဆုံးစီရင်သွားတာ။ မြိုမရဲစခန်းကို ရောက်လာတာ ၂ နှစ်လောက်ပဲ ရှိသေးတယ်။ သူ့ဘာသာ သတ်သေတာ။ စစ်တပ်က အခြားအဆင့်တွေကို စစ်ဆေးနေတယ်။”
ဒုရဲအုပ် သန့်ဇော်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးနောက် လှိုင်သာယာအနောက်ပိုင်းမြို့နယ် မြို့မရဲစခန်းကို စစ်ကောင်စီတပ်က လုံခြုံရေးယူထားပြီး သေဆုံးမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်အချိုကို စစ်ဆေးနေတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်က ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရဲအရာရှိနဲ့ အခြားအဆင့် ၂၇ ယောက်အား စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ကို ပြောင်းရွှေ့ခဲ့ရာ တနှစ်အတွင်း ရဲအုပ်နဲ့အခြားအဆင့် ၁၅ ယောက် သေဆုံးပြီးနောက် စစ်ကိုင်းတိုင်းကို ပြောင်းရွှေ့ရမှာ ရဲတွေက ကြောက်နေကြတာပါ။


