Home
မြန်မာသတင်း
ဟင်္သာတတွင် ရဲကင်းစခန်းဆောက်ရန် ပြည်သူများထံက ငွေကြေးအဆမတန် ကောက်ခံနေ
DVB
·
February 3, 2026
Photo: MM

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ နိဗ္ဗာနယ်မြေရဲစခန်းက ဒုရဲအုပ်တယောက်ဟာ ရဲကင်းစခန်း ဆောက်လုပ်ဖို့ အရပ်သားတွေဆီကနေ ငွေအဆမတန် ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်၊ နယ်မြေရဲစခန်းက ဒုရဲအုပ် ရန်နိုင်လင်းဟာ ရှားခဲကျေးရွာမှာ တိုက်ခံအမျိုးအစား ရဲကင်းစခန်း ဆောက်လုပ်ဖို့ဆိုပြီး ဇန်နဝါရီ တတိယအပတ်က စတင်ပြီး အရပ်သားတွေဆီကနေ ငွေသိန်းချီ ကောက်ယူနေတာလို့ သိရပါတယ်။

ကျေးရွာဒေသခံတယောက်က “ရှားခဲကျေးရွာ ရဲကင်းစခန်းမှာ စောင့်ပြီး ငွေကောက်နေတာ။ ငွေမပေးရင် ရစ်တယ်၊ ခြောက်တယ်။ ရဲကင်းစခန်းဆောက်ဖို့တဲ့။ ကောက်တဲ့ငွေ မပေးရင် ဖမ်းလို့ရတယ်လို့ ခြိမ်းခြောက်တာ။ လာသမျှကားသမားတွေ၊ ဆိုင်ကယ်သမားတွေကို စောင့်ကောက်နေတာ” လို့ ပြောပါတယ်။

ဒုရဲအုပ် ရန်နိုင်လင်းနဲ့ အဖွဲ့က ကားတစီး ကျပ် ၁ သိန်း၊ ဆိုင်ကယ်တစီး ကျပ် ၅ သောင်းဆီ ကောက်ယူနေပြီး ကောက်ယူတဲ့ငွေ မပေးပါက ဆိုင်ကယ်ဖမ်းဆီးတာ၊ ဧည့်စာရင်းစစ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

နောက်ထပ် ဒေသခံ အမျိုးသားတယောက်က “ကောက်တဲ့ငွေ မပေးရင် ရှားခဲလမ်းမကြီးကို ပိတ်ပြီး ဆိုင်ကယ်တွေကို ဖမ်းတာ။ လိုင်စင်မပါ၊ ဦးထုပ်မပါ ဘီးတွေဆို သိမ်းထားပြီး ငွေ ၁၀ သိန်းလောက် အနည်းဆုံးနဲ့ ပြန်ရွေးယူခိုင်းတာ” လို့ ပြောပါတယ်။

ရဲကင်းစခန်း ဆောက်လုပ်ဖို့အတွက် ကောက်တဲ့ငွေကို မထည့်တဲ့ အိမ်တွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းကာ ညဘက် ဧည့်စာရင်းစစ်ဆေးပြီး အကြောင်းအမျိုးမျိုးပြ ခြိမ်းခြောက်ကာ ဘိလပ်မြေအိတ်ဖိုး ကျပ် ၅ သိန်းကနေ ၇ သိန်းအထိ ဒဏ်ရိုက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီ နိဗ္ဗာန်တိုက်နယ်အဆင့် ကျေးရွာက အရပ်သားတွေဟာ တနေ့လုပ် တနေ့စား နွမ်းပါးတဲ့သူတွေ များတာကြောင့် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်မှုထမ်းကြေး၊ ကင်းကြေးတွေပါ လစဉ် ထည့်ပေးနေရတဲ့အတွက် ဒေသခံတွေအဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013