
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ထဲမှာ စစ်ကောင်စီလက်အောက်ခံတွေကို ဒီဇင်ဘာ ၁၉ ရက် ညပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဒုရဲအုပ် တယောက်အပါအဝင် ၆ ယောက် သေဆုံးကာ သေနတ် ၂ လက်လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ က ဒီဇင်ဘာ ၁၉ ရက်မှာ သတင်းထုတ်ပြန် ပါတယ်။
ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “အုတ်ဖိုမြို့နယ်ထဲက လွှစင်ရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲနေကြတဲ့ စကစလက်အောက်ခံတွေက ဆိုင်ကယ်တွေစီး ပြီးတော့ ပြည်သူတွေကို ပေါ်တာဆွဲဖို့ ထွက်လာကြတဲ့ ဆိုင်ကယ်ယာဥ်တန်းကို ကျနော်တို့ ဗျူဟာ ၂၂ ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ (UGF OKPO) က ရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာ” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း ရဲအုပ်ဇော်ထွန်းဝင်းအပါအဝင် ၆ ယောက် သေဆုံးကာ သေနတ် ၂ လက်လည်း သိမ်းဆည်းရရှိခဲ့ကြတာလို့ ဆိုပါတယ်။
၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ (UGF OKPO) ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ရဲ့ တိုက်ခိုက်မှုကြောင့် ရဲအုပ်ဇော်ထွန်းဝင်း အပါအဝင် နေရာမှာတင် သေတာ ၄ ယောက်ပါ။ ကျန်တဲ့ ၂ ယောက်က နောက်မှသေတာလို့ သိရတယ်။ ကျနော်တို့ တိုက်ခိုက်ခဲ့တဲ့အချိန်က ည ၇ နာရီကျော်လောက်မှာ နောက်ပြီးတော့ တိုက်ခိုက်ခဲ့တဲ့နေရာက သူတို့စခန်းနဲ့လည်းနီးနေတာမို့လို့ လက်နက်တွေ ကောက်ပြီးတော့ပဲ ပြန်ဆုတ်လာကြတာ။ ကျနော်တို့ရဲဘော်တွေ အထိအခိုက် မရှိခဲ့ကြပါဘူး” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်မှာ ရှိကြတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ စစ်ဆင်ရေးအရှိန်တွေကို တိုးမြှင့်လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အနီးကပ်နေထိုင်တာတွေ မပြုလုပ်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သတိပေး တိုက်တွန်းထားပါတယ်။


