
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်နဲ့ အုတ်ဖိုမြို့နယ်တို့မှာ ပြည်သူတွေ စားသောက်ကုန်ပစ္စည်း သယ်တာကို စစ်ကောင်စီတပ်ဘက်က ကန့်သတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကြို့ပင်ကောက်မြို့ရဲ့ အရှေ့ဘက်ခြမ်းကျေးရွာမှာ နေထိုင်သူတယောက်က “ကျနော်တို့ ရွာတွေဘက်ကို ဆန်၊ ဆီ သယ်ယူခွင့်တွေကို စစ်တပ်ဘက်က ကန့်သတ်ထားတာ။ မြို့ပေါ်ကနေ တခါ သယ်လာရင် ဆန်ဆိုလည်း ၁ အိတ်၊ စားဆီဆိုလည်း ၁၀ သားလောက်ပဲ သယ်လို့ရတယ်။ အဲဒီထက်ပိုသယ်လာရင် ကြို့ပင်ကောက်မြို့ဝင်ဂိတ်၊ ကြို့ပင်သာဂိတ်နဲ့ အလယ်ကုန်းဂိတ်တွေမှာ ထိုင်တဲ့ စစ်သားတွေက ဆန်အိတ်တွေဆိုလည်း ထိုးခွဲပြီးသွန်ပစ်တယ်။ ဆီတွေဆိုရင်လည်း သွန်ပစ်ကြတာပါ။ ဆန် ၄၊ ၅ အိတ်သယ်လာရင်တော့ လူကိုပါဖမ်းထားတာဗျ။ ကျနော်က ကြို့ပင်ကောက်အရှေ့ခြမ်းမှာ ဆိုတော့ ကြို့ပင်ကောက် အနောက်ခြမ်းဘက်က ကိစ္စတွေတော့ မသိဘူးနော်” လို့ ပြောပါတယ်။
အုတ်ဖိုမြို့နယ်အတွင်းမှာလည်း ပြည်သူတွေ စားနပ်ရိက္ခာ သယ်ဆောင်တာကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး စစ်တပ်ဘက်က ကန့်သတ်လာတယ်လို့ သိရပါတယ်။
အုတ်ဖို့မြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တာဝန်ခံ ကိုမိုးသီး က “ပြီးခဲ့တဲ့လ ၂၇ ရက်နေ့လောက်ကစပြီး အုတ်ဖိုမြို့ဝင်ဂိတ်တွေကနေပြီးတော့ မြို့ပေါ် ဈေးလာဝယ်တဲ့ ပြည်သူတွေရဲ့ စားနပ်ရိက္ခာ သယ်ဆောင်တာတွေကို တမြို့နယ်လုံး အတိုင်းအတာအနေနဲ့ စစ်တပ်ဘက်က စတင်ကန့်သတ်လာတာပါ။ ဆန် ၁ အိတ်၊ ဆီ ၅၀ သား၊ အသားဆိုရင် ၁ ပိဿာထက် ပိုသယ်ခွင့်မပေးဘူး။ အဲဒီထက်ပိုသယ်လာရင် စစ်တပ်ဂိတ်တွေကနေ ယူထားလိုက်တာ။ အဲဒီတော့ ရွာတွေဘက်က ပြည်သူတွေလည်း မြို့ပေါ်ကိုတက်ပြီး ဈေးလာမဝယ်ရဲကြတော့ဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အုတ်ဖိုမြို့နယ်အတွင်း အုတ်ဖိုတာဆုံဂိတ်၊ သဲကုန်းဂိတ်အပြင် စစ်တပ်ဂိတ်စခန်း ၃ ခုထက်မနည်းဖွင့်လှစ်ပြီး ပြည်သူတွေ စားနပ်ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်နေတာလို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကြို့ပင်ကောက်မြို့နယ်နဲ့ အုတ်ဖိုမြို့နယ်ထဲကို မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်လာတာတွေရှိခဲ့လို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နဲ့ အောက်တိုဘာ ၁ ရက်နေ့ကလည်း စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့သေးတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။