Home
မြန်မာသတင်း
ရွေးကောက်ပွဲ ဆန့်ကျင်သူများအား မဖမ်းဆီးပါက ရဲစခန်းများ အရေးယူခံရမည်ဟု စစ်တပ် ဖိအားပေး 
DVB
·
October 5, 2025

ရွေးကောက်ပွဲကို ဆန့်ကျင်နှောင့်ယှက်သူတွေကို နယ်မြေရဲစခန်းတွေက မဖမ်းဆီးဘဲ စစ်တပ်က ဖမ်းဆီးရရင် နယ်မြေရဲစခန်းတွေကိုပါ အရေးယူသွားမယ်လို့ ကက (ကြည်း) ရုံးက ညွှန်ကြားထားတယ်လို့ Non CDM ဝန်ထမ်းတွေဆီက သိရပါတယ်။

ညွှန်ကြားစာကို ကက (ကြည်း) ရုံးကနေ ပြည်ထဲရေးဝန်ကြီးဌာနဆီကို လိပ်မူပြီး အောက်တိုဘာ ၄ ရက်က နိုင်ငံတဝန်းရှိ တိုင်း၊ ခရိုင်နဲ့ မြို့နယ်ရဲစခန်းတွေကို ပေးပို့ခဲ့တာလို့ Non CDM ဝန်ထမ်း တယောက်က ပြောပါတယ်။

“တချို့က ရွေးကောက်ပွဲကို ဆန့်ကျင်ပါတယ်တို့၊ ကန့်ကွက်ပါတယ်တို့ ရေးတာမဟုတ်ဘူး။ စိတ်ခံစားချက်ကြောင့် သူများပို့စ်အောက်မှာ ကွန်မန့်ရေးမိတယ်။၊ ဒါကို ရွေးကာဥပဒေနဲ့ အမှုဖွင့်ခိုင်းတာ။ နောက်နောင်မလုပ်အောင် ခံဝန်လောက်ဆို တော်သေးတယ်။ ဒါကို ရဲက မဖမ်းလို့ စစ်တပ်က ဖမ်းမယ်၊ ရဲတွေ အရေးယူမယ်ဆိုတော့ သူတို့ခေတ်ပဲ လုပ်ပေါ့။”

နိုင်ငံတကာနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားမှ စစ်အုပ်စုအနေနဲ့ လာမယ့် ဒီဇင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်နှောင့်ယှက်ခြင်းမရှိအောင် အရေးယူနေတာလို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။

“ရွေးကောက်ပွဲကို ဘယ်သူတွေ ထောက်ခံခံ၊ မထောက်ခံခံ စစ်အုပ်စုကတော့ ရအောင်လုပ်မှာပဲ။ ဒီလိုရအောင်လုပ်ဖို့အတွက် ဆန့်ကျင်တယ်လို့ ထင်တဲ့သူတွေကို ထောင်ထဲ ထည့်လိမ့်မယ်။ အားလုံး သတိရှိဖို့ ပြောချင်တယ်။”

အောက်တိုဘာ ၃ ရက်က နေပြည်တော်မှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့် အရေးယူထားတာ ၆၄ ယောက်ရှိတယ်လို့ ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသူမှန်သမျှ သေဒဏ်အထိ အမိန့်ချနိုင်တဲ့ ရွေးကာဥပဒေကို ဇူလိုင်  ၂၉ ရက် ညမှာ စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။

တောင်ကြီးမြို့က ကိုနေသွေး ကတော့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၂(က) နဲ့ အမှုဖွင့်ခံရတဲ့ ပထမဆုံးသူ ဖြစ်ပြီး စက်တင်ဘာ  ၉ ရက်မှာ စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013