
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သလို မိသားစုဝင်တွေကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “အခု သတ်ဖြတ်ခံရသူတွေနေတဲ့ရွာက နွားထိုးကြီးမြို့နယ်အစပ် မလှိုင်မြို့နယ်အဆုံးမှာရှိတဲ့ အိမ်ကြီးတောရွာမှာပါ။ စစ်တပ်စစ်ကြောင်းက ၄၊ ၅ ရက်လောက်ဝင်ပြီး တပ်စွဲနေခဲ့တာဆိုတော့ ဘယ်နေ့က သတ်ဖြတ်သွားခဲ့တယ်ဆိုတာတော့ အတိအကျမသိရဘူးပေါ့နော်။ စစ်တပ်စစ်ကြောင်းက ပြီးခဲ့တဲ့လ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့မနက်အထိ တပ်စွဲသွားတာဆိုတော့ အသတ်ခံရတဲ့နေ့ကိုတော့ အတိအကျမသိနိုင်ဘူးဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အား ၁၀၀ ကျော်နဲ့ စက်တင်ဘာ ၂၃ ရက်ကနေ အိမ်ကြီးတောကျေးရွာနဲ့ အနီးအနားကကျေးရွာတွေကို စစ်ကြောင်းထိုးတပ်စွဲပြီး ပြည်သူတွေကိုသတ်ဖြတ်ကာ စက်တင်ဘာ ၂၇ ရက်နေ့မနက်ပိုင်းအထိ ၅ ရက်နီးပါးကြာ တပ်စွဲနေခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
နွားထိုးကြီးမြို့ခံတယောက်က “အိမ်ကြီးတောရွာဘက်ကို စစ်ကြောင်းဝင်လာတော့ ပြေးနိုင်တဲ့သူတွေက ထွက်ပြေးသွားကြသလို မပြေးနိုင်ဘဲရွာထဲမှာကျန်နေခဲ့တဲ့သူတွေလည်းရှိတာပေါ့။ မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့မိသားစုမှာက ကျန်းမာရေးမကောင်းတဲ့သူတွေရှိနေတော့ မပြေးနိုင်ကြဘူး။ စစ်သားတွေက အဲဒါကို အခွင့်ကောင်းယူပြီး ၁၃ နှစ်အရွယ် ကလေးမလေးကို မုဒိမ်းကျင့်ပြီးသတ်သွားတာ။ စစ်သားတွေက ကလေးမလေးကိုမုဒိမ်းကျင့်နေတော့ သူ့အမေကတားလို့ဆိုပြီး ပစ်သတ်တယ်။ နောက်ပြီး အရက်နာကျနေတဲ့ သူ့အကိုရယ် ကျန်းမာရေးမကောင်းတဲ့ သူ့ညီမလေးတွေလည်း ပစ်သတ်သွားကြတယ်။ အသတ်ခံရတာက သူတို့မိသားစုဝင်အားလုံး ၃ ယောက်ပါ” လို့ DVB ကို ပြောပါတယ်။
ဖြစ်စဉ်ကို ရွာမှာကျန်ခဲ့သူတွေဆီက သိရကြောင်းနဲ့ သေဆုံးသူညီအမနှစ်ယောက်ဟာ အသက် ၁၃ နှစ်နဲ့ ၈ နှစ်ဝန်းကျင်အရွယ်လို့ သိရပါတယ်။
မလှိုင်မြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်းစတင်ဝင်ရောက်လာတဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ပန်းအိုင်ကျေးရွာမှာနေတဲ့ အသက် ၇၀ အရွယ် အမျိုးသား ၁ ယောက်ကို စစ်တပ်က အကြောင်းမဲ့ပစ်သတ်သွားခဲ့ကြသေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။