Home
မြန်မာသတင်း
စစ်တပ်က ငပလီကမ်းခြေအနီးကို လက်နက်ကြီး ပစ်ခတ်၊ ဒေသခံများ ပြောင်းရွှေ့
DVB
·
October 2, 2025

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေအနီး ပင်လယ်ပြင်ကနေ စစ်ကောင်စီ ရေတပ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ငါးဖမ်းလှေတွေကို ဖမ်းဆီးပြီး အရပ်သားတွေကို သတ်ဖြတ်တာတွေကြောင့် ကမ်းနားမှာနေသူတွေ ပြောင်းရွှေ့နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ငပလီကမ်းခြေကနေ နာရီဝက်ဝန်းကျင် လှေစီးရတဲ့ ပုလဲကျွန်း အနောက်ဘက်ခြမ်းမှာ စစ်သင်္ဘော ၃ စီး ရောက်နေပြီး အဲဒီကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်လို့ ကမ်းနားနေ ဒေသခံတွေ ပြောင်းရွှေ့နေကြရတာလို့ ဆိုပါတယ်။

ငပလီကမ်းခြေ ဒေသခံတယောက်က “နေဗီကြောင့် ကျနော်တို့ ကမ်းနားကလူတွေ နေရာတောင် ပြောင်းအိပ်နေကြရတယ်။ ပုလဲကျွန်းအနောက်မှာတင်‌ ၃ စီးရှိနေတာ။ အဲဒီနားပတ်ဝန်းကျင်ကနေ ခဏခဏ‌ပစ်တယ်” လို့ ပြောပါတယ်။

ပင်လယ်မှာ ငါးထွက်ဖမ်းတဲ့ တန်းလှေတွေကိုလည်း ရေတပ်က ဖမ်းဆီးသွားပြီး ပြန်မရောက်လာတာ ၅ စီးဝန်းကျင် ရှိတယ်လို့လည်း ဆိုပါတယ်။

ဂျိတ္တောဒေသခံတယောက်က “တချို့လှေသမားတွေကို နေဗီ ဘေးမှာ လှေတွေကပ်လျက် ကြိုးနဲ့ချည်ထားတာတွေ တွေ့တယ်။ ပြီးတော့ လက်ပြန်ကြိုးတုပ်ထားတဲ့ အလောင်းတွေ ၂ ကြိမ် ပါတယ်။ ကျနော်တို့ ကမ်းခြေဘက်ကို အမျိုးသားအလောင်း ပါတယ်။ ဂေါ့ဘက်ကို ၂ ယောက်လောက် ပါတယ်။ ကုန်ခဲ့တဲ့ တပတ်လောက်က ဖြစ်သွားတာ။ ဂျမ်းလှေတွေကိုဆိုရင် Auto တွေနဲ့ပါ လှမ်းပစ်တယ်။ လှေတွေကတော့ ထွက်နေတာပဲ။ နေဗီတက်လာရင် ပြန်ပြေး ဒီအတိုင်းပဲ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ငါးဖမ်းလှေက လူဦးအရေအတိအကျကို မသိရပေမဲ့ ရွှေသာချိုင်ဘက်‌က ငါးဖမ်းလှေတွေ ပါတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သံတွဲ-ဂွလမ်းပေါ်က ပဒဲကောရွာ လေယာဉ်နဲ့ဗုံးကြဲတာ၊ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်လို့ အာရက္ခတပ်တော် (AA) ကလည်း ကမ်းကနေ ဟောင်ဝစ်ဇာနဲ့ ပြန်ပစ်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပဒဲကောရွာ ဒေသခံတယောက်က “စစ်ကောင်စီက မကြာခဏပစ်တယ်။ ဟိုနေ့က ကမ်းကနေ ပြန်ပစ်ထားတော့ ဒီကောင်တွေ နည်းနည်းတော့ ပြန်ဆုတ်သွားတယ်။ မနေ့ညကတောင် မောင်းတက်လာတဲ့ အသံတွေ ကြားတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက်ကလည်း သံတွဲမြို့၊ အမှတ် ၄ ရပ်ကွက်ကို စစ်ကောင်စီ ဗုံးကြဲချလို့ ပင်လယ်ကမ်းခြေရွာ ဖြစ်တဲ့ မောင်ရွှေလေးကနေ စစ်ရှောင်လာသူတယောက် သေဆုံးပြီး မိသားစုဝင် ၆ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။

AA ကတော့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မြို့၊ ရွာတွေ၊ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘုန်းကြီးကျောင်းတွေကို စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ အရင်ထက် ပိုသတိထားဖို့ ပြည်သူတွေကို အသိပေး ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024