
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ အောက်တိုဘာ ၁ ရက် မနက်က စစ်မှုထမ်းကြေး ငွေကောက်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့လို့ ၂ ယောက်သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။
သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံက “မနက် ၉ နာရီခွဲလောက်မှာ လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာအုပ်စု၊ ကမ်းပြိုကြီးရွာဘက်ကနေ စစ်မှုထမ်းကြေး ကောက်ပြီး ပြန်လာကြတဲ့ စစ်သားနဲ့ ရဲတွေကို ကြားဖြတ်တိုက်ခိုက်တာပါဗျ” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို သဲကောဆည်လမ်းဆုံအနီးမှာ စောင့်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး နာရီဝက်ကျော်ကြာ နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တပ်ခွဲမှူး ဗိုလ်တိမ်တိုက်က “သူတို့ဘက်က စစ်သားနဲ့ ရဲ အင်အား ၂၀ လောက်ပါတယ်။ စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာတယ်ဆိုတာ ကြိုတင်သတင်းရလို့ စောင့်တိုက်တာ၊ နှစ်ဖက်ပစ်ခတ်မှုက မိနစ် ၄၀ လောက် ကြာခဲ့တယ်။ သေတဲ့အလောင်းတချို့နဲ့ ဒဏ်ရာရတဲ့သူတချို့ကို အတင်းဆွဲပြီး ထွက်ပြေးသွားကြတာ။ သူတို့ဆီက အလောင်း ၂ လောင်းနဲ့ လက်နက်ခဲယမ်းတချို့ ရလိုက်တယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်းကနေ စစ်တပ်လက်အောက်ခံတွေရဲ့ ရုပ်အလောင်း ၂ လောင်းအပြင် G3 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကာဘိုင်ကျည် ၄၂ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဓား ၁ ချောင်း၊ ဘတ်တံဆိပ် ၂ ခု၊ ဖုန်း ၁ လုံး၊ ငွေသား ၅၂၈,၀၀၀ ကျပ်နဲ့ မှတ်ပုံတင် ၁ ခုတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အထိနာသွားတဲ့ စစ်တပ်က ပတ်ဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ ရှိသလို ထိတွေ့တိုက်ပွဲတွေလည်း ထပ်မံဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေ အနေနဲ့ စစ်တပ်လက်အောက်ခံတွေ တပ်စွဲနေထိုင်တဲ့ နေရာတွေကို သတိထား ရှောင်ရှားကြဖို့ တော်လှန်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။