
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အလုံးစုံ ပြန်လည်သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “ကျောက်မဲမြို့ကို ဒီနေ့ အောက်တိုဘာ ၁ ရက်နေ့ မွန်းလွဲပိုင်းမှာ အကုန်ရသွားတာ။ အင်ကြင်းတောင်ဘက်လည်း စစ်တပ်က ရှင်းလင်းရေး လုပ်နေပြီလို့ သိရတယ်” လို့ ပြောပါတယ်။
မြို့ထဲ ကားနဲ့ပတ်ကြည့်တာ လက်ရှိမှာတော့ ကျောက်မဲမြို့ပေါ်မှာ ပစ်ခတ်သံတွေလည်း မကြားရတော့ဘူးလို့ ဒေသခံကပြောပါတယ်။
အောက်တိုဘာ ၁ ရက် မနက် ၁၀ နာရီလောက်ကနေ မြို့ထဲ ပစ်ခတ်သံ စတင်ကြားရတာဖြစ်ပြီး အပြန်အလှန် မဟုတ်ဘဲ တဖက်ပဲ ပစ်ခတ်သံကြားရတာဖြစ်တယ်လို့ လည်း ပြောပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “စစ်တပ်က မြို့ထဲဝင်လာတာ မနက်ပိုင်းက တိလင် ရောက်ပြီ။ မနက်ပိုင်းက ပစ်တော့ ပစ်နေသေးတယ်။ နယ်မြေရှင်းနေတုန်း” လို့ ပြောပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့တွေက အောက်တိုဘာ ၁ ရက် မနက်အစောပိုင်းက ကောင်းအက်ဘက် နဲ့ မွေတော် လမ်းခွဲဘက် ကနေ ဝင်လာတာဖြစ်တယ်လို့ သူက ပြောပါတယ်။
အောက်တိုဘာ ၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့က ရပ်ကွက် ၉ တိလင်နဲ့ ရပ်ကွက် ၁ အုတ်ကျင်း ပဲရသေးတာဖြစ်ပေမဲ့ မွန်းလွဲပိုင်းမှာတော့ မြို့ထဲ အလုံးစုံပြန်ရသွားတာလို့ မြို့ခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဘက်က မြို့ထဲကို ကောင်းအက်လမ်း အပါအဝင် လမ်းကြောင်း သုံး၊ လေးခု ကနေ ဝင်ရောက်လာနိုင်ကြောင်း ဆိုပါတယ်။
စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရာ လမ်းကြောင်းပေါ်က နောင်ချိုကို ထိန်းချုပ်လိုက်ပြီးနောက် ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်ကစ ကုန်သွယ်ရာ လမ်းမပေါ်ရှိ ကျောက်မဲမြို့နယ်ဘက် လေကြောင်း၊ ဒရုန်း အဓိကသုံးပြီ တန်ပြန်ထိုးစစ်ဆင်လာကာ စက်တင်ဘာ ၃၀ ရက် ညနေ ၄ နာရီကျော်လောက် က ကျောက်မဲမြို့အဝင်ဝထိ ရောက်ရှိလာတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်မဲမြို့ကို TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၅ ရက်က သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပြီး တနှစ်ကျော်အကြာမှာ စစ်ကောင်စီက ပြန်လည် သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။