
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ ရပ်ကွက် ၂ ခုထဲထိ အောက်တိုဘာ ၁ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ရပ်ကွက် ၉ တိလင်နဲ့ ရပ်ကွက် ၁ အုတ်ကျင်းပဲ ရသေးတာဖြစ်ပြီး မွေတော်ကနေ လမ်းခွဲဘက်ဝင်နေတာ တွေ့ခဲ့ကာ ပစ်ခတ်သံတွေကတော့ ကြားနေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မဲဒေသခံ အမျိုးသမီးတယောက်က “စစ်တပ်က မြို့ထဲဝင်လာပြီ။ တိလင်ရောက်ပြီ။ ပစ်တော့ပစ်နေသေးတယ်။ နယ်မြေရှင်း။ ကောက်အက်ဘက်က ဝင်လာတာ။ မွေတော်လမ်းခွဲဘက်ကရယ်။ ဒီမနက် ညီမ ပတ်ကြည့်ခဲ့လို့ သိရတာ။ အစောကြီး ရောက်နေကြတာ ဟုတ်ပါ့” လို့ ပြောပါတယ်။
ဒေသခံ အမျိုးသားတယောက်က “လောလောဆယ်တော့ မြို့ထဲဝင်နေပြီ။ ပစ်ခတ်သံတွေ ကြားနေရတယ်။ ဝင်တယ်ဆိုတာ အလုံးစုံတော့ မဟုတ်သေးဘူး” လို့ ပြောပါတယ်။
ဒီနေ့မနက် ၁၀ နာရီလောက်ကနေ စတင်ကြားရတာဖြစ်ပြီး အပြန်အလှန်မဟုတ်ဘဲ တဖက်ပဲ ပစ်ခတ်သံကြားရကြောင်းနဲ့ အပြင်ထွက်လို့ မရတာကြောင့် ပစ်ခတ်သံကိုပဲ နားထောင်ပြီး ပစ်ခတ်သံက နီးနီးပြီး ကျယ်လာတယ်လို့ သူက ပြောပါတယ်။
တိလင်နဲ့ အုတ်ကျင်းက ရပ်ကွက် ၉ နဲ့ ရပ်ကွက် ၁ ဖြစ်ပေမဲ့ ချောင်းပဲခြားတာဖြစ်ပြီး နေ့လယ်ပိုင်းက ရပ်ကွက် ၁၊ ပင်ပေါလေးဘက် ပစ်ခတ်သံတွေ ကြားနေရကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဘက်က မြို့ထဲကို ကောင်းအက်လမ်း အပါအဝင် လမ်းကြောင်း သုံး လေးခု ကနေ ဝင်ရောက်လာနိုင်ကြောင်း မြို့ခံက ပြောပြပါတယ်။
စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရာ လမ်းကြောင်းပေါ်က နောင်ချိုကို ထိန်းချုပ်လိုက်ပြီးနောက် ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်ကစပြီး ကုန်သွယ်ရာ လမ်းမပေါ်ရှိ ကျောက်မဲမြို့နယ်ဘက် လေကြောင်း၊ ဒရုန်း အဓိကသုံးပြီး တန်ပြန်ထိုးစစ်ဆင်လာကာ မနေ့ စက်တင်ဘာ ၃၀ ရက် ညနေ ၄ နာရီကျော်ခန့်က ကျောက်မဲမြို့ အဝင်ဝထိ ရောက်ရှိလာတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။