ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်ကုန်သွယ်ရာလမ်းမပေါ်ရှိ ကျောက်မဲမြို့ အဝင်ဝနား အထိ စက်တင်ဘာ ၃၀ ရက် ညနေ ၄ နာရီ ၁၀ မိနစ် ဝန်းကျင်လောက်ကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “စစ်ကောင်စီတွေ မြို့အဝင်ဝရောက်ပြီ။ ကောလိနားက ဆိုင်းဘုတ်၊ ခိုအုံနားက ဆိုင်းဘုတ်။ အဲနား ရောက်နေပြီ” လို့ ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက် ညနေ ၄ နာရီ ၁၀ မိနစ်လောက်ကစ Y-12 လေယာဉ်သံတွေရော၊ လက်နက်ငယ်သံတွေရော၊ ပေါက်ကွဲသံတွေရော စုံအောင် ကြားနေရပြီး တိုက်ပွဲက ပြင်းပြင်းထန်ထန်စနေပြီလို့ သူက ပြောပါတယ်။
ကျောက်မဲမြို့ထဲ မဝင်သေးပေမဲ့ ကျောက်မဲမြို့နဲ့ ၄၊ ၅ ဖာလုံလောက်မှာ အနီးကပ် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်ကတော့ မြို့အဝင်လမ်းရှင်းတဲ့ သဘောနဲ့ လေကြောင်း ဗုံးကြဲပေးနေကာ စက်တင်ဘာ ၃၀ ရက်ညမှာ မြို့ထဲလုံးဝဝင်လောက်ပြီလို့ ဒေသခံက ပြောပါတယ်။
ဒေသခံအမျိုးသမီးတယောက်ကလည်း “စစ်ကောင်စီတွေက ကျောက်မဲ ဝင်ခါနီးပြီ။ ပစ်ခတ်သံတွေ အခုလည်း ကြားနေရတယ်။ အိမ်နားထိ လာပစ်နေတယ်လို့တောင် ထင်ရတယ်” လို့ ပြောပါတယ်။
ကျောက်မဲမြို့ပေါ်က ဌာနဆိုင်ရာရုံးတွေကလည်း စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ လောက်ကစပြီး မီးတွေလောင်နေတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
အချုပ်သား၊ ထောင်သားတွေကိုတော့ သီပေါဘက် ရွှေ့ထားတယ်လို့ ကြားသိရပြီး မသင်္ကာလို့ ဖမ်းဆီးခံရသူတွေ တချို့တော့ ဘယ်ကိုဖမ်းဆီးသွားမှန်းမသိဘဲ မလွတ်လာသေးဘူးလို့ သိရပါတယ်။
ဒေသခံက “ရုံးတွေ အကုန်လုံး မီးလောင်တာက အတန်းလိုက်ကြီးပဲ။ မီးက တော်တော်များတယ်” လို့ ပြောပါတယ်။
မီးသတ်ရုံး အပါအဝင် သစ်တောရုံး၊ ရဲစခန်း၊ ကြံ့ခိုင်ရေး ကားဝင်းကြီး၊ ရန်ကင်းထိပ်က စစစ ရုံး၊ ဆောက်လုပ်ရေးဘက်က ရုံးတွေ ညနေ ၃ နာရီကျော်အထိ မီးလောင်နေဆဲဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်က ကျောက်မဲမြို့နယ်ထဲကို ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်က တန်ပြန်ထိုးစစ်ဆင်လာကာ ကုန်သွယ်ရာလမ်းမပေါ်ရှိ မြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။