
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ကျေးရွာရဲ့ တောင်ယာတဲတွေမှာ ယာယီစစ်ရှောင်နေကြရတဲ့ ဘုန်းကြီးတပါး၊ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂ ယောက်နဲ့ မိခင်ဖြစ်သူတို့ကို စစ်တပ်က စက်တင်ဘာ ၂၄ ရက်၊ ညနေမှာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် တန်ပြန်ထိုးစစ်ဆင်နေပြီး နားအိုက်ခန့်ကျေးရွာမှာ အထိုင်ချတပ်စွဲထားပါတယ်။
အဆိုပါတပ်က စစ်သား ၂ ယောက်က ၁၆ နှစ်အရွယ် နန်းသိန်းဆာကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သလို မောင်ဖြစ်သူ အသက် ၁၂ နှစ်အရွယ် စိုင်းမောင်၊ မိခင်ဖြစ်သူ ဒေါ်လျန်းနဲ့ ဘုန်းကြီးတပါးတို့ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
အသတ်ခံရသူတွေနဲ့ နီးစပ်သူတယောက်က “သတ်တဲ့ စစ်သားက ၂ ယောက်။ သတ်ခံရတဲ့ ဦးပဥ္စင်းက တောင်ယာတဲ တလုံးမှာ နေတယ်။ ကျန်တဲ့ သတ်ခံရတဲ့ မိသားစုက တခြားတဲတလုံးမှာ နေကြတာ။ အဲ့ဒီမှာ သမီးကို စစ်သားက မုဒိမ်းကျင့်တယ်၊ ပြီးတော့ သားအမိ ၃ ယောက်လုံးကို ပစ်သတ်သွားတယ်။ ပစ်သတ်ခံရတဲ့သူတွေကို ၂၅ ရက်နေ့က အသုဘချလိုက်ပြီ” လို့ ပြောပါတယ်။
စစ်တပ်က ကျောက်မဲမြို့ကို ပြန်သိမ်းနိုင်ရေးအတွက် ဝေဟင်၊ မြေပြင် တန်ပြန်ထိုးစစ်တွေကြောင့် နားအိုက်ခန့်ကျေးရွာဝန်းကျင်မှာ ဒီလပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရတာရှိသလို ဘေးကင်းမယ်ထင်မယ့် တောတောင်တွေနဲ့ တောင်ယာတွေမှာ ယာယီတဲထိုးပြီး စစ်ဘေးရှောင်နေကြရသူတွေလည်း ရှိပါတယ်။
စစ်ဘေးရှောင်စခန်းတွေမှာ အကြောင်းအမျိုးမျိုးကြောင့် သွားရောက် မခိုလှုံနိုင်တဲ့ ပြည်သူလူထုမိသာစုတွေမှာ လုံခြုံရေးအရ စိုးရိမ်ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“နားအိုက်ခန့်ရွာက ပြည်သူ ၄၀၀ ကျော်လောက်က အကြောင်းအမျိုးမျိုးနဲ့ စစ်ဘေးမရှောင်နိုင်ကြတာရှိတယ်။ ရွာအနီးအနားမှာရှိတဲ့ တောင်ယာတွေထဲမှာပဲ ဟိုနားတစု ဒီနား တစု တဲထိုးပြီးနေကြရတာ။ အထောက်အပံ့ အကူအညီတွေလည်း မရကြတာများတယ်။ နားအိုက်ခန်းက ဖြစ်စဉ်ကို ကြည့်ရင် ပြည်သူတွေက စစ်ရှောင်စခန်းတွေမှာနေတာ မဟုတ်ရင် လုံခြုံရေးက စိုးရိမ်ရတာပဲ။”
စစ်တပ်အာဏာသိမ်းတဲ့ ၄ နှစ်ကျော် ကာလအတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၇၂၈၄ ယောက် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။