Home
မြန်မာသတင်း
စစ်ကောင်စီတပ်အတွက် ပို့လိုက်သည့် ရုရှားထုတ် Mi-38 T ရဟတ်ယာဉ် စစ်ရေးစွမ်းဆောင်ရည် ဘယ်လိုရှိလဲ
DVB
·
September 25, 2025
Photo: TASS

မြန်မာပြည်တွင်း စစ်ဆင်ရေးတွေမှာ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ မကြာခဏ ပျက်ကျ၊ ပစ်ချခံနေရတဲ့ စစ်ကောင်စီတပ်အတွက် ရုရှားနိုင်ငံက Mi-38 T ရဟတ်ယာဉ် ၃ စီးကို အခု စက်တင်ဘာလထဲမှာ ပို့ဆောင်ပေးခဲ့ပါတယ်။

DVB က ရရှိထားပြီး ပေါက်ကြားလာတဲ့စာတွေအရ ဝယ်ယူခဲ့တဲ့ ရဟတ်ယာဉ် ၃ စီးထဲ တစီးဟာ အရေးကြီးပုဂ္ဂိုလ်တွေ စီးနင်းဖို့ ဇိမ်ခံပစ္စည်းတွေနဲ့ မွမ်းမံထားပြီး ကျန် ၂ စီးကတော့ သယ်ယူပို့ဆောင်ရေး ပုံစံတွေ ဖြစ်ပါတယ်။

ဒီ ၃ စီးအတွက် ကုန်ကျငွေက ယူရို သန်း ၆၀ နီးပါးဖြစ်ပြီး လေယာဉ်မှူးနဲ့ မြေပြင်ထိန်းသိမ်းရေး သင်တန်းတွေအတွက် ယူရို ၂ သန်းကျော် ထပ်မံကုန်ကျခဲ့တယ်လို့ သိရပါတယ်။

မင်္ဂလာဒုံလေတပ်-CDM ကိုဇေယျက “ပြောမယ်ဆိုရင် ဒီကောင်တွေက အစောကြီးကတည်းက မှာဖို့လုပ်ထားပေမဲ့ စစ်ဆင်ရေးလိုအပ်ချက်အရ Mi-17 တွေကို ဦးစားပေးမှာလိုက်တယ်ဆိုတဲ့ သဘောဖြစ်သွားတယ်။ ဒါကြောင့်မလို့ အရင်နှစ်က Mi-17 တွေရောက်တာ။ ဒီနှစ်မှ ဒီကောင်က ရောက်တာပေါ့။ နောက်ကျနေတာ တကယ်တော့။ ပမာဏနည်းသေးတော့။ နောက်တခုက ဒီကောင်တွေ ဝယ်ရတဲ့ ရည်ရွယ်ချက်က ဒါတွေက တကယ်တော့ VIP သုံးဖို့၊ ခရီးစဉ်တွေမှာသုံးဖို့ ဝယ်တာပေါ့နော်။ မင်းအောင်လှိုင် စီးဖို့အတွက် တစီး ပါတယ်ပေါ့နော်။ VIP စီးပေါ့။ အရင်တုန်းကတော့ Mi-17 မှာပဲ တစီးကို မင်းအောင်လှိုင် စီးဖို့ဆိုပြီး ခွဲထားတာ။ Mi-17 က လူ ၂၅ ယောက်ပဲ ဆံ့တာ။ ဒီကောင်က ပိုဆံ့တာပေါ့နော်” လို့ ပြောပါတယ်။

အခု အသစ်ရောက်လာတဲ့ Mi-38 T ရဟတ်ယာဉ်ဟာ အင်ဂျင် ၂ လုံးတပ် အလတ်စား ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးယာဉ်ဖြစ်ပြီး Mi-17 ရဟတ်ယာဉ်တွေ ထုတ်တဲ့ Russian Helicopters ရဲ့ နောက်ထပ်စက်ရုံတခုဖြစ်တဲ့ Kazan Helicopters စက်ရုံကနေ ထုတ်လုပ်ပါတယ်။

ဒီရဟတ်ယာဉ်ဟာ ညဘက်တွေ၊ ရာသီဥတု ပြင်းထန်တဲ့နေရာတွေနဲ့ ပူလွန်း၊ အေးလွန်းတဲ့ ဒေသတွေမှာ မောင်းနှင်နိုင်အောင် တည်ဆောက်ထားပြီး ရှာဖွေကယ်ဆယ်ရေးတွေအတွက်ပါ အသုံးပြုနိုင်ပါတယ်။

စစ်သည် အယောက် ၄၀၊ ကုန်အလေးချိန် ၅ တန်ကျော်အထိ သယ်ယူနိုင်ပြီး အမြင့်ပေ ၂၀,၀၀၀ ဝန်းကျင်၊ တနာရီ ကီလိုမီတာ ၂၉၀ အထိနဲ့ ကီလိုမီတာ ၁,၀၀၀ ကျော်ကို မရပ်မနား ပျံသန်းနိုင်ကြောင်း ကုမ္ပဏီရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။ Mi-38 T တွေက မြန်မာစစ်တပ်အတွက် ဘယ်လောက် အသုံးဝင်လာနိုင်ပါသလဲ။ 

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ တာဝန်ရှိသူတယောက်က “Mi-17 နေရာမှာအစားထိုးဖို့ပေါ့နော်။ Mi-17 ထက်ကို သူကစွမ်းဆောင်ရည် ၂ ဆပေါ့နော်။ အဓိက သယ်ယူပို့ဆောင်ရေးဆိုတဲ့အတွက်ကို ရှေ့တန်းစခန်းတွေမှာ အရင်ကထက် ၂ ဆ ပိုပြီး ဖြည့်ဆည်းနိုင်မှာပေါ့။ သူတို့ဘက်က အများကြီးအကျိုးရှိတာပေါ့။ မြေပြင်မှာ လမ်းကြောင်းတွေ ဖြတ်တောက်ထားတော့ အရေးပေါ် အချိန်တိုအတွင်း အင်အားဖြည့်တာ၊ ရွှေ့ပြောင်းတာတွေ ထိရောက်မှာပေါ့။ သူ့ရဲ့အားနည်းချက်က Mi-17 လိုပါပဲ။ Mi-17 ကို ပစ်ချနိုင်ရင် သူ့ကိုလည်း ပစ်ချနိုင်ဖို့ အလားအလာရှိတာပေါ့။ သူကျတော့ ယာဉ်ကနည်းနည်းကြီးတော့ အတက်၊ အဆင်းမှာ နေရာကျယ်ကျယ် လိုတယ်။ နောက်ပြီး လေယာဉ်လည်း ပိုကြီးမယ်ဆိုတော့ လက်နက်ရှိရင် ရှိသလိုပေါ့။ ပေ ၂၀,၀၀၀ ဆိုတာ ပျံတက်နိုင်တဲ့ အမြင့်ဆုံးကို ပြောတာပါ။ အဝေးကြီးတွေသွားမှ အမြင့်ကြီး တက်လို့ရတယ်၊ နီးနီးနားနားဆို တက်လို့မရဘူး၊ ဗုံးကြဲတာတွေကတော့ Y-12 တွေပဲရှိမယ်”လို့ ပြောပါတယ်။

ရဟတ်ယာဉ်ကွင်း အကျယ်အဝန်း၊ ကျည်ကာတပ်ဆင်တာနဲ့ လေ့ကျင့်ပျံသန်းတာတွေ ပြုလုပ်ရမှာကြောင့်  စစ်ဆင်ရေးတွေမှာ ချက်ချင်းအသုံးပြုနိုင်ဦးမှာ မဟုတ်သေးဘဲ အချိန် ၄ လကနေ ၆ လ ဝန်းကျင်လောက် ယူရနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

တဖက်မှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပျက်ကျ/ ပစ်ချခံရတဲ့ စစ်လေယာဉ်နဲ့ ရဟတ်ယာဉ် အစီး ၂၀ ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

အဲဒီအထဲမှာ ရဟတ်ယာဉ် ၁၀ စီး ပါဝင်ပြီး Mi-17 ရဟတ်ယာဉ်ကတော့ ၆ စီး အထိ ရှိတာကို တွေ့ရပါတယ်။

စစ်ခေါင်းဆောင်ဟာ ဘယ်လာရုစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဥရောပ-အာရှ စီးပွားရေးဖိုရမ် ကနေအပြန်မှာ ရုရှားနိုင်ငံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဘူရားတီးရားပြည်နယ်မှာရှိတဲ့ Ulan-Ude လေကြောင်း စက်ရုံကို သွားရောက် လေ့လာခဲ့ပါသေးတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013