
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရုံးပင်ကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီခန့်က လက္ကောင်းကြီးကျေးရွာဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရတယ်လို့ မတ္တရာမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။
ရွာသားတယောက်က “ပစ်တာက ၆ လုံး ပစ်တာဗျ။ ရုံးပင်ကျေးရွာ အပြင်ဘက်လည်း ကျတယ်။ ရွာထဲလည်း ကျတယ်။ ရွာထဲကျတဲ့ လက်နက်ကြီးက ကိုသိန်းထွေးရဲ့ အိမ်ပေါ်ကို တည့်တည့်ကျလို့ မိသားစုလိုက် သေဆုံး ထိခိုက်တာတွေ ဖြစ်ခဲ့ရတယ်လေ။ သေတာက ကိုသိန်းထွေးရဲ့ မိန်းမဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် မအေးအေးမော် ကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ရတယ်။ သူရဲ့သမီးဖြစ်တဲ့ အသက် ၁၀ နှစ်အရွယ် ကလေးမလေးကတော့ မျက်ခုံးထိခိုက်ဒဏ်ရာရခဲ့တယ်။ အသက် ၃၆ နှစ်အရွယ် ကိုသိန်းထွေး ကတော့ လက်ဒဏ်ရာသွားတယ်။ သူတို့အိမ်လေးလည်း လက်နက်ကြီးကျလို့ ပျက်စီးသွားခဲ့ရတယ်။ သူတို့အိမ်အနီးအနားက ပြည်သူတယောက်လည်း ကျည်စထိမှန်ပြီး ဒဏ်ရာရသွားတယ်။ မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိပါဘူးဗျာ။ သူတို့ပစ်ချင်လို့ကို ပစ်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ စက်တင်ဘာလအတွင်း မတ္တရာမြို့နယ်အရှေ့ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် ဒရုန်း၊ လေယာဉ်တွေနဲ့ပါ ဗုံးသီးကြဲချတာတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
မတ္တရာမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ဝင် ကိုတိုးကြီးက “မနေ့က ရုံးပင်ရွာဘက်ကို စစ်တပ်က မနက်ခင်းပိုင်းမှာ မတ္တရာမြို့ ဘောလုံးကွင်းအထိုင်ကနေ ဟောင်ဝှစ်ဇာနဲ့ ပစ်ခတ်တယ်။ လူထိခိုက်တာ မရှိခဲ့ပေမဲ့ နွားတကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဗျ။ ညနေခင်းပိုင်းမှာလည်း ထပ်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တယ်။ လူနေအိမ်ပေါ်ကျပြီး မိသားစု ၃ ယောက်နဲ့ အနီးအိမ်က ပြည်သူတယောက် ထိတယ်။ အဲဒီကျတဲ့ တိုက်အိမ်ပါ ပျက်စီးသွားတယ်”လို့ ပြောပါတယ်။
စစ်တပ် လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အချိန်မှာ မိုးရွာသွန်းနေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနိုင်ဖို့ အခက်အခဲနဲ့ ကြုံခဲ့ရသလို ဒဏ်ရာရသူ ၃ ယောက်အတွက် ဆေးရုံသွားကုသဖို့လည်း အခက်အခဲရှိနေတယ်လို့ သိရပါတယ်။