
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကျုံပိုင်းကျေရွာအုပ်စု၊ ကော့ဒေးဆိုင်ရွာနဲ့ ကေ့ဝါးဘိုးရွာကို စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ-၅၄၅ တပ်က စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ရွာသား ၇ ယောက် ဒဏ်ရာရပြီး ရွာဘုန်းတော်ကြီးကျောင်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ဒေးဆိုင်ရွာမှာ ရွာသား ၂ ယောက်နဲ့ ကော့ဝါးဘိုးရွာက ၅ ယောက်တို့ ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ ဆိုပါတယ်။
ကျုံပိုင်းဒေသခံ အမျိုးသမီးတယောက်က “သေဆုံးတာတော့မရှိဘူး၊ လက်နက်ကြီးထိမှန်တာ ၇ ဦးရှိတယ်။ ကလေးတွေတော့ မထိဘူး၊ လူကြီးတွေပဲ၊ ကော့ဒေးဆိုင်နဲ့ ကေ့ဝါဘိုးရွာကသူတွေ ထိထားတာ” လို့ ပြောပါတယ်။
ဖြစ်နိုင်ရင် ဘယ်ရွာကသူပဲဖြစ်ဖြစ် ဟိုပြေး ဒီပြေးတွေ မလုပ်ဘဲ ဗုံးကျင်းရှိတဲ့ နေရာတွေမှာပဲ ဝပ်နေစေချင်တယ်၊ စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက်နေတာဆိုတော့ အစစအရာရာ ဂရုစိုက်နေကြရတယ်လို့ ဆိုပါတယ်။
ကျုံဒိုးမြို့နယ်အတွင်း ကျုံပိုင်း၊ အင်းကြီးရွာဘက်ကိုလည်း စစ်တပ်က ဩဂုတ် ၃၀ ရက်က စပြီး စစ်ကြောင်းထိုးနေကာ ဒေသတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ် ပူးပေါင်းတပ်တွေက စစ်တင်ဘာ ၂၁ ရက်အထိ ဖြတ်တောက် တိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လက်ရှိ ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းကို စစ်တပ်က ပြန်စိုးမိုးထားတယ်လို့ ပြောဆိုပေမဲ့ အပြည့်အဝ မထိန်းချုပ်နိုင်သလို လမ်းပြန်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ မြဝတီမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ကနေ လေးကေ့ကော်မြို့သစ်အနီးကိုပါ ၄ ရက်ဆက်တိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။