ကရင်ပြည်နယ်၊ မြဝတီမြို့အနီးမှာရှိတဲ့ လေးကေ့ကော်မြို့သစ်နဲ့ ဝေါလေလမ်းပိုင်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၀ ရက်ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁၂ နာရီမှာ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံဘက်အခြမ်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၀ ရက်ကတည်းက စစ်ကောင်စီတပ်က မြဝတီမြို့အနီးမှာရှိတဲ့ လေးကေ့ကော်မြို့သစ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ မြေပြင်စစ်ကြောင်းထိုးတာတွေပါ လုပ်ဆောင်နေပြီး အဝေးကပစ်ခတ်တဲ့ ၁၂၀ မမ ဗုံးသီး ထိုင်းဘက်အခြမ်းကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အနီး ရောက်ရှိခဲ့သူ ကိုဆယ်ပေါက်က “စက်တင်ဘာ ၂၄ ဒီကနေ့ နေ့ခင်း ၁၂ နာရီကျော် ကျရောက်ပေါက်ကွဲခဲ့တာ တစုံတရာ ထိခိုက်မှုတော့ မရှိဘူး။ စစ်တပ်က လက်နက်ကြီးနဲ့ထုနေတာ ထိုင်းနိုင်ငံ မဲဆောက်မြို့က အတိုင်းသားကြားနေရတယ်။ ဒီကနေ့ဆို ၄ ရက်ရှိပြီ၊ နေ့ရော ညရော ထုနေတာ” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံဘက်ကလည်း မြဝတီမြို့အနီး တိုက်ပွဲတွေ ဖြစ်ပွားနေလို့ နယ်စပ်တလျှောက်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပြီး စက်တင်ဘာ ၂၄ ရက်မှာတော့ လက်နက်ကြီးကျည် ထိုင်းဘက်အခြမ်းကို ကျရောက်ခဲ့တာလို့ ဆိုပါတယ်။
တာ့ခ်ခရိုင်အတွင်းက မဲဆောက်၊ အွမ်ဖန်၊ ဖုတ်ဖရာ့၊ ထားဆုန်ယန်းနဲ့ မယ်ရာမတ်တလျှောက် ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးကို ရာဇာမာနုတပ်ဖွဲ့ရဲ့ တပ်မှူးဖြစ်သူ ဗိုလ်မှူးကြီးနတ်တကွန် ရွန်ထစ်က ကြီးကြပ်ပြီး လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။