Home
မြန်မာသတင်း
ထိုင်းတွင် ဆိုးသွမ်းရှမ်းလူငယ်များအမှု နောက်ဆက်တွဲ ရွှေ့ပြောင်းလုပ်သား ၂၀၀ ခန့် အဖမ်းခံရ 
DVB
·
September 24, 2025

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ ထိုင်းလူငယ်တွေကို ဓားနဲ့လိုက်ခုတ်တဲ့ ဆိုးသွမ်း ရှမ်းလူငယ်တွေကို ဖမ်းဆီးရမိတဲ့နောက်ပိုင်း သက်ဆိုင်ရာက လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးရေး တင်းကျပ်တာမှာ ဥပဒေနဲ့မညီညွတ်တဲ့ ရွှေ့ပြောင်းလုပ်သား နောက်ထပ် ၂၀၀ လောက် ဖမ်းဆီးခံထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့အပတ်က ချင်းမိုင် - ဆန်ကမ်ဖိုင်းသွားလမ်းပေါ်မှာ  အသက် ၁၄ နှစ်အရွယ် ထိုင်းမိန်းကလေး  လက်ကောက်ဝတ်ပြတ်တဲ့အထိ ဓားခုတ်ခံရတာ၊ နောက်ထပ်လူငယ် ၂ ယောက် ထိခိုက်ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ၉၉၉၊ ဒူဘိုင်း၊ ဘိုဒမ် နဲ့ ၉၇၉  စတဲ့ ဆိုးသွမ်းလူငယ်ဂိုဏ်းဝင် ၁၈ ယောက်ကို ဖမ်းဆီးခဲ့တယ်၊ အဲဒီနောက် ချင်းမိုင်နဲ့ လမ်းဖွန်းမြို့နယ်တွင်း တရားဥပဒေနဲ့ မညီညွတ်တာတွေ လိုက်လံစစ်ဆေးတာမှာ စက်တင်ဘာ ၁၈ ကနေ ၂၃ ရက်နေ့အတွင်း ဥပဒေချိုးဖောက်သူပေါင်း ၁၈၉ ယောက် ဖမ်းဆီးရမိတယ်၊ အားလုံးနီးပါး ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်တယ်လို့ အမှတ် ၅ တိုင်းဒေသရဲဌာနချုပ် ရဲချုပ် ကရစ်ထားဖွန်း ယိဆာခွန်းက စက်တင်ဘာ ၂၃ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အဲဒီထဲမှာ နိုင်ငံထဲ တရားမဝင် ဝင်ရောက်သူ  ၉၃ ယောက်၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်သူ ၁၆ ယောက်၊ မူးယစ်ဆေးဝါးမှု ၁၆ ယောက်၊ ခိုးမှု ၂ ယောက်၊ ရိုက်နှက်မှု ၂ ယောက်၊ ဗီဇာသက်တမ်းလွန် ၃ ယောက်၊ ဝရမ်းပြေး ၂ ယောက်နဲ့ အခြားအမှုနဲ့ပတ်သက်သူ ၅၅ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘိန်းစာရွက်၊ ချောင်းဆိုးပျောက်ဆေးနဲ့ အဲမ် ၁၅၀ အားဖြည့်အချိုရည်တွေ ပေါင်းစပ်ပြီး မူးယစ်ဆေးရည်ချက်ကာ ထိုင်းနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ရောင်းချပေးနေတဲ့ ချန့်ဖိုတ်ရပ်ကွက်က ထိုင်းနိုင်ငံသား ၇ ယောက်၊ အီးစီးကရက် ၃၅ ဘူး လက်ဝယ်တွေ့ရှိတဲ့ ထိုင်းတယောက်တို့ကိုပါ ဖမ်းဆီးခဲ့တယ်။

ဆိုးသွမ်းရှမ်းလူငယ်တွေနဲ့ ပတ်သက်လို့ ရဲချုပ်က ဆက်ပြီးရှင်းလင်းတာမှာ ကမ္ဘောဒီးယား နယ်စပ်ဘက် ထွက်ပြေးဖို့ ကြိုးစားတဲ့ နိုင်းထွပ်မှာ ၉၉၉ ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး ဒီမတိုင်ခင် ဘန်ကောက် ဆိုးသွမ်းလူငယ်အဖွဲ့ဝင်လည်း ဖြစ်ခဲ့တယ်။  ဒီလူငယ်တွေဟာ ၉၉၉၊ ဒူဘိုင်း၊ ဘိုဒမ်နဲ့ ၉၇၉ ဂိုဏ်းတွေထောင်တယ်၊ တီရှပ်ဆင်တူဝတ်တယ်၊ အုပ်စုလိုက် ဆိုင်ကယ်ပတ်စီးပြီး သူများကို လိုက်ရန်ရှာတယ်၊ ခိုက်ရန်ဖြစ်ပွားပြီး ကလဲ့စားချေတယ်၊ အများစုက မြန်မာနိုင်ငံသား ရွှေ့ပြောင်း ရှမ်းလူငယ်တွေ ဖြစ်တယ်၊ လောလောဆယ် ဂိုဏ်းခေါင်းဆောင် အဲမ်နဲ့ ထွပ် အပါအဝင် ၁၈ ယောက် ဖမ်းမိထားပြီ။ သူတို့တွေကို လက်နက်ကိုင်ဆောင်မှု၊ ဆူပူသောင်းကျန်းမှု၊ တပါးသူအား နာကျင်စေမှုတွေနဲ့ အရေးယူထားပြီး ခေါင်းဆောင် ၂ ယောက်က လူသတ်ရန်ကြံရွယ်မှုနဲ့ပါ တိုးပြီး အမှုဖွင့်ထားတယ်၊ နောက်ထပ် ဖမ်းရမယ့် လူငယ် ၁၂ ယောက် ကျန်သေးတယ်။ ဘယ်သူဘယ်ဝါဆိုတာ နာမည်နဲ့တကွ သိပါပြီ၊ အဲဒီထဲမှာ ခေါင်းဆောင်က လုံခြုံရေးအစောင့် လုပ်နေတဲ့ နိုင်းဒိန်ဖြစ်တယ်၊ သူတို့ရှိတဲ့နေရာ လိုက်ရှာဖမ်းဖို့ပဲ ကျန်တယ်လို့ ပြောသွားပါတယ်။

စက်တင်ဘာ ၂၃ ရက် ညပိုင်းမှာလည်း တာဝန်ရှိသူတွေက ဆာရဖီးမြို့နယ်ရှိ ရွှေ့ပြောင်းလုပ်သား တန်းလျားတွေ လိုက်လံစစ်ဆေးတာမှာ အထောက်အထားမဲ့သူ ၈ ယောက်၊ မူးယစ်မှု ၃ ယောက်၊ ဝရမ်းပြေးတယောက် ထပ်မံဖမ်းဆီးရမိတယ်လို့ ဆာရဖီးနယ်မြေရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Source: Chiangmai News / MGR Online / Saraphee Police 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013