
ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျပြီး လွတ်ရက်စေ့လို့ ပြန်လွတ်လာသူတွေကို ကော့သောင်းခရိုင် ရဲတပ်ဖွဲ့က နိုင်ငံရေးပုဒ်မနဲ့ ငြိစွန်းခြင်း ရှိ၊ မရှိ စစ်ဆေးပြီးမှ ပြန်လွှတ်ပေးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ထိုင်းအာဏာပိုင်တွေက စက်တင်ဘာ ၂၃ ရက်က လွတ်ရက်စေ့လို့ ပြန်လွတ်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား ၁၄၄ ယောက်ကို ကော့သောင်းခရိုင်ကို လွှဲပေးခဲ့ပေမဲ့ ခရိုင်ရဲတပ်ဖွဲ့က နေရပ်ကို မပြန်ခိုင်းဘဲ စစ်ဆေးနေတာလို့ မြို့ခံတယောက်က ပြောပါတယ်။
“မနေ့က ပြန်လွတ်လာတာ၊ ယောကျ်ားလေးက ၁၂၃ ယောက်၊ မိန်းကလေးက ၂၁ ယောက်၊ စုစုပေါင်း ၁၄၄ ယောက်၊ ကော့သောင်းက ၃၄ ယောက်ပဲပါတယ်၊ ကျန်တာက တခြားမြို့နယ်တွေက၊ အဲဒီလူတွေကို ပြန်မလွှတ်သေးဘဲနဲ့ နိုင်ငံရေးပုဒ်မနဲ့ အမှုဖွင့်ထားတာ ရှိမရှိ စစ်နေတယ်။”
ကော့သောင်းမြို့ခံ ၃၄ ယောက်ပြီးရင် အများဆုံးမှာ ကရင်၊ ရခိုင်နဲ့ မွန်ပြည်နယ်က လူငယ်တွေဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မကွေးဘက်က လူငယ်တွေ ပါတယ်လို့ ပြန်လည်လွတ်မြောက်လာသူတယောက်က ပြောပါတယ်။
“မွန်ပြည်နယ်က သထုံ၊ သံဖြူဇရပ်၊ ရေး၊ လမိုင်းနဲ့ မုဒုံက ၂၄ ယောက်ပါတယ်။ ရခိုင်က ၁၇ ယောက်ပါတယ်။ အဓိက ရှမ်း၊ ကရင်နဲ့ ရခိုင်ဘက်က လူငယ်တွေကို NUG ကို ထောက်ပံ့လား၊ အရင်က ပုဒ်မ ၅၀၅(က) အမှုဖွင့်ထားတာ ရှိမရှိ စစ်တာ။”
ပြန်လည်လွတ်မြောက်လာသူတွေကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၊ ထွေအုပ်၊ လဝက၊ လူကယ်ပြန်နဲ့ ထောက်လှမ်းရေးအဖွဲ့တွေက ကော့သောင်းမြို့ရှိ နဝရတ်အားကစားရုံမှာ စစ်ဆေးနေတာလို့ ရှင်းပြပါတယ်။