Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာလုပ်သားများ လိုက်ပါလာသည့်ကား မတော်တဆတိုက်မိပြီး ၂ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ 
DVB
·
September 22, 2025
Photo: Khaosod

ထိုင်းနိုင်ငံ၊ ဘန်ကောက်အနီး၊ ပထုန်ဌာနီခရိုင်ထဲမှာ စက်တင်ဘာ ၂၂ ရက် ဒီမနက် ၅ နာရီ မိနစ် ၄၀ က မြန်မာအလုပ်သမားတွေ စီးနင်းလိုက်ပါလာတဲ့ ကားတစီး လမ်းလယ်ကောင် ဆိုင်းဘုတ်တိုင်ကို ဝင်တိုက်မိပြီး ၂ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရသွားတယ်လို့  ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ပထုန်ဌာနီမြို့၊ ဘန့်ချန့်ရပ်ကွက်၊ ပထုန်ဌာနီ- ရန်းဆစ်ကြား အမြန်လမ်းမအမှတ် ၃၄၆ ပေါ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း အကြောင်းကြားချက်ရတာကြောင့် လူနာတင်ယာဉ်၊ ကယ်ဆယ်ရေးအဖွဲ့၊ မှုခင်းဆရာဝန်တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့  ပထုန်ဌာနီနယ်မြေရဲ တပ်ဖွဲ့က သတင်းထောက်ကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ အနက်ရောင်တိုယိုတာကားတစီး လမ်းလယ်ကောင်ရှိ လမ်းညွှန်ဆိုင်းဘုတ် သံမဏိတိုင်ကို ဝင်တိုက်ပြီး ဘေးစောင်းအနေအထားနဲ့ တိမ်းမှောက်နေတယ်၊ ကားခေါင်းတခုလုံး ပျက်စီးနေပြီးကားထဲ ပါလာတဲ့ လူ ၉ ယောက် (ကျား ၇ ၊ မ ၂) အားလုံး ထိခိုက်ဒဏ်ရာရထားတယ်။  ယာဉ်မောင်းဘေးက ထိုင်လိုက်လာတဲ့ အမျိုးသားတယောက်နဲ့ ယာဉ်မောင်းထိုင်ခုံနောက်က အမျိုးသမီးတယောက် ဒဏ်ရာပြင်းထန်တာကြောင့် မကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်၊ ကယ်ဆယ်ရေးအဖွဲ့က ကားထဲက လူအားလုံးကို ကြိုးစားပမ်းစား ဆွဲထုတ်ခဲ့ပြီး ပထုန်ဌာနီနဲ့ လမ်လုတ်ကယောက်ဆေးရုံကြီးကို ပို့ထားတယ်လို့ ဆိုပါတယ်။ 

ကားပေါ်ပါလာသူတွေအားလုံး မြန်မာအလုပ်သမားတွေ ဖြစ်တယ်လို့ သိရပါတယ်။  ကားထဲမှာ ခရီးဆောင်အထုပ်အပိုးတွေ ပါတာကြောင့် ထိုင်းကို ခုမှဝင်လာဟန်ရှိပြီး ဒဏ်ရာရသူတွေ ထိုင်းဘာသာစကား မတတ်တာကြောင့် ဘာမှမေးမြန်းလို့ မရသေးသလို ယာဉ်မောင်းက ဘယ်သူဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ တခြားယာဉ်တွေနဲ့ တိုက်ထားတာလည်းမရှိဘဲ ဆိုင်းဘုတ်တိုင်တည့်တည့် ဝင်တိုက်တာကြောင့် ယာဉ်မောင်းအိပ်ငိုက်တာ ဖြစ်နိုင်တယ်လို့  ရဲတွေက  ကနဦး ယူဆပါတယ်။ 

ကားပေါ်က မြန်မာလုပ်သားတွေကတော့ တရားမဝင် ဝင်ရောက်လာတာ ဟုတ်၊ မဟုတ် ဆက်လက်စစ်ဆေးနေဆဲပဲလို့  တာဝန်ကျရဲအရာရှိက သတင်းထောက်တွေကို ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013