
ထိုင်းနိုင်ငံ၊ ကန်ကျနပူရီခရိုင်ထဲက ထုံဖာပွန်မြို့နယ်ထဲမှာ အလုံပိတ်ကား ၃ စီးအတွင်း လိုက်ပါ ခိုးဝင်လာတဲ့ တရားမဝင် မြန်မာနိုင်ငံသားအယောက် ၅၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း Bangkok Post သတင်းမှာ စက်တင်ဘာ ၁၆ ရက်က ဖော်ပြပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက် ည ၁၀ နာရီကျော်လောက်က ဒေသတွင်း ဘုရားကျောင်းတခုတွင်း ရပ်နားထားတဲ့ မသင်္ကာဖွယ် ကား ၄ စီးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ကာကွယ်ရေး စေတနာ့ဝန်ထမ်းတွေ စစ်ဆေးခဲ့ရာကနေ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါကား ၄ စီးထဲက တစီးကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကာ ကျန်ကား ၃ စီးထဲမှာတော့ အသက် ၂ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် မြန်မာနိုင်ငံသား ၅၃ ယောက်ကို ဖမ်းမိခဲ့ပြီး ယာဉ်မောင်းတွေ အားလုံးကတော့ ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
ဖမ်းမိသူတွေထဲက တချို့က ထိုင်းဘာသာစကား ပြောတတ်ကြပြီး သူတို့ဟာ အလုပ်ရှာဖွေဖို့ မြန်မာနိုင်ငံ ဒေသအသီးသီးကနေ ခုလိုလာရောက်ခဲ့ကြတာဖြစ်ပြီး ဘုရားသုံးဆူမှာ စုဝေးခဲ့ကြကာ လူကုန်ကူးသူတွေရဲ့ လမ်းညွှန်မှုနဲ့ တောလမ်းခရီးကနေ ထိုင်းနိုင်ငံဘက် ဝင်ရောက်လာခဲ့ကြတယ်လို့ ပြောပါတယ်။
သူတို့ သတ်မှတ်ထားတဲ့ နေရာရောက်ရင်တော့ တယောက်ကို ပွဲစားခဘတ် ၁ သောင်းခွဲကနေ ၂ သောင်းထိ ပေးကြရမယ်လို့ ဖြေကြပြီး လက်ရှိမှာတော့ မြန်မာနိုင်ငံဘက် နေရပ်ပြန်မပို့ခင် တရားဥပဒေအရ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source : Bangkok Post