
ထိုင်းအရှေ့မြောက်ပိုင်း၊ နခွန်းရာ့ချ်ဆီမားခရိုင်၊ ဒန်ခွန်ထွတ်မြို့နယ်ထဲမှာ လူကြီးတွေက ၃ နှစ်သားလေးကို ကားထဲထားခဲ့ပြီး တောထဲ မှိုရှာထွက်ရာမှာ ကားမီးလောင်ပြီး ကလေးငယ် သေဆုံးသွားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက် မနက် ၉ နာရီကျော်လောက်က ဒန်ခွန်ထွတ်မြို့နယ် တခိန်းအုပ်စု ဘန့်နားခုတ်ဖတ်ထနားရွာအနီး တောစပ်မှာ ချက်ဗလက် ဆလွန်းကားတစီး မီးလောင်နေတာတွေ့လို့ မီးသတ်ဌာနကို အကြောင်းကြားခဲ့တယ်လို့ ရွာသားတယောက်က သတင်းထောက်ကို ပြောပါတယ်။
ကားထဲမှာလည်း ကလေးတယောက် ရှိနေတယ်၊ မီးရှိန်အရမ်းပြင်းတော့ သွားကယ်လို့ မရဘူး၊ မီးသတ်ကားတွေ ရောက်လာပြီး နာရီဝက်ကြာ မီးငြှိမ်းသတ်ခဲ့တယ်၊ ဒါပေမဲ့ ကလေးရဲ့ အသက်ကိုတော့ မကယ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒီမတိုင်ခင်ရှေ့က လူကြီး ၄ ယောက်နဲ့ ကလေးတယောက် ပါတဲ့ကားဟာ အဲဒီတောစပ်မှာ လာရပ်ပြီး လူကြီးတွေက ကလေးကို ကားထဲ အိပ်စောင့်ခိုင်းတယ်။ လူကြီး ၄ ယောက်က တောထဲကို မှိုသွားရှာကြတယ်၊ ပေါက်ကွဲသံ ၄ ကြိမ် ကြားရပြီး တောထဲကနေ ထွက်လာကြတော့ ကားမီးလောင်ပြီး မီးသတ်တွေ ဝိုင်းငြှိမ်းနေတယ်၊ ကလေးကိုတော့ အသက်ရှင်လျက် မတွေ့ရတော့ဘူး၊ သူတို့ ၄ ယောက်လုံး ဝမ်းနည်းပက်လက် ငိုကြွေးနေကြတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေ မေးမြန်းချက်အရ ၃ နှစ်သားလေး နောင့်ကစ်သီချိုင်းဟာ မိဘက ခရီးထွက်နေတာကြောင့် ကြီးတော်နဲ့ ထားခဲ့တယ်။ အဲဒီနေ့က သူ့ကြီးတော်နဲ့ အိမ်နီးနားချင်းတွေ တောထဲ မှိုရှာထွက်တော့ ကလေးကိုပါ ခေါ်လာခဲ့တယ်၊ ကားကို စက်ပိတ်ပြီး မှန်တံခါးဖွင့်ထားကာ ကလေးကို ထားခဲ့တယ်၊ ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး မီးထလောင်ရသလဲ ဆိုတာတော့ စဉ်းစားမရဘူးလို့ ပြောပါတယ်။
တာဝန်ရှိသူတွေကတော့ ဖြစ်ရပ်မှန်ကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
Source : matichon news / CH7 TV news