
ထိုင်းတောင်ပိုင်း ပရကျူပ်ခီရီခန်ခရိုင်မှာ ဘီးပေါက်ပြီး တိမ်းမှောက်နေတဲ့ ကားတစီးပေါ်ကနေ စိတ်ကြွမူးယစ်ဆေးဝါး ၅၄ သိန်းကျော် ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၇ ရက် မနက် ၇ နာရီလောက်က ပရကျူပ်ခီရီခန်ခရိုင် ကွီးဘူရီမြို့နယ် ဆမ်ကထိုင်း အုပ်စု ဆမ်ကတိုင်းရပ်ကွက်အပိုင်းရှိ အဝေးပြေးကားလမ်းမကြီးပေါ်မှာ ကုန်တင်ဟိုင်းလပ်စ်ကား တစီး ဘီးပေါက်ပြီး တိမ်းမှောက်နေကြောင်း ပြည်သူတွေက ၁၉၁ အရေးပေါ်လိုင်းကနေ ဆက်သွယ်အကြောင်းကြားတာကြောင့် တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆမ်ကထိုင်းနယ်မြေ ရဲတပ်ဖွဲ့တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ အဖြူရောင် ကုန်တင်ဟိုင်းလပ်စ်ကားတစီး ရှေ့ဘီးပေါက်ပြီး တစုံတရာနဲ့ တိုက်မိလို့ ပျက်စီးကာ ဘေးစောင်းတိမ်းမှောက်နေတာတွေ့ရှိတယ်။ ကားပေါ်မှာ ပျဉ်ပြားအ ဟောင်း ပျဉ်တိုပျဉ်စတွေအပြင် တိပ်တွေနဲ့သေချာထုတ်ပိုးထားတဲ့ အထုတ် ၅၄ ထုတ် တွေ့ရှိတယ်။ ပွန်းပဲ့သွားတဲ့ အထုတ်တွေထဲမှာတော့ လိမ္မော်ရောင်စိတ်ကြွဆေးအချို့ ဖိတ်စင်ကျလာတယ်လို့ ဆိုပါတယ်။
အဆိုပါအထုတ်အားလုံးစစ်ဆေးရာမှာ 999 နဲ့ WY အမှတ်တံဆိပ် စိတ်ကြွဆေးတွေ ချည်းဖြစ်နေတယ်၊ တထုတ်လျှင် စိတ်ကြွဆေး တသိန်းကျော်ပါရှိတာကြောင့် စုစုပေါင်း စိတ်ကြွ ဆေး ၅ , ၄၄၀ ,၀၀၀ သိမ်းဆည်းရမိတယ်။ ကာလတန်ဖိုး ဘတ်သန်းပေါင်း ၃၂ သန်းခန့်ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကားပေါ်မှာ ပျဉ်တိုပျဉ်စတွေ တင်ဆောင်လာတာက တာဝန်ရှိသူတွေ သံသယမဖြစ်အောင် အိမ် ပြောင်းရွှေ့လာတဲ့ပုံစံလုပ်ထားကြောင်း၊ အခင်းဖြစ်တဲ့နေရာကို တာဝန်ရှိသူတွေ ရောက်လာတော့ ယာဉ်မောင်းသမားရော စီးနင်းလိုက်ပါလာသူပါ ထွက်ပြေးလွတ်မြောက်သွားကြပြီဖြစ်တယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေက ဖမ်းဆီးအရေးယူဖို့ ဆက်လက်စုံစမ်းနေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
Source : MGROnline