
ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားနဲ့ အထောက်အထားမဲ့ ဝင်ရောက်နေထိုင်သူတွေကို ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ဘိုင်အိုမက်ထရစ် (Biometric) နည်းပညာနဲ့ မျက်နှာ၊ မျက်လုံး စကဲင်ဖတ် စစ်ဆေးတဲ့နည်းကို အသုံးပြုသွားမယ်လို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
အဆိုပါနည်းကို အသုံးပြုဖို့အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ထိုင်းကြက်ခြေနီ၊ သိပ္ပံနဲ့နည်းပညာ ဖွံ့ဖြိုးရေးဌာန စတဲ့ ဌာန ၃ ခုက တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနမှာ MOU သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အထောက်အထားမဲ့သူတွေဟာ နေမကောင်းရင် ဆေးရုံ ဆေးခန်းကို လာမပြရဲကြဘူး၊ အဲဒီတော့ ကူးစက်ရောဂါတွေအတွက်လည်း စိုးရိမ်ရတယ်။ နည်းပညာအသုံးပြုပြီး သူတို့ မျက်နှာနဲ့ မျက်လုံးကို စကဲင်ဖတ် စစ်ဆေးရတာ ဖြစ်တယ်။ သူတို့တွေဆီကို ကျန်းမာရေးစောင့်ရှောက်မှု ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ဖြစ်တယ်၊ လူသားချင်းစာနာထောက်ထားမှု ကူညီပေးရာလည်း ရောက်တယ်လို့ ကျန်းမာရေးဝန်ကြီး နိုင်းဆုမ်ဆဒ် ထိပ်ဆုထင်းက လက်မှတ်ရေးထိုးအခမ်းအနားမှာ ပြောပါတယ်။
အခုလို ဌာန ၃ ခု ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ထိုင်းကျန်းမာရေးအခန်းကဏ္ဍကို မြှင့်တင်ရာလည်း ရောက်တယ်။ ဆေးဝါးကုသရေးလုပ်ငန်း အကျိုးရှိပြီး ထိုင်းကျန်းမာရေးကဏ္ဍ ခေတ်မီပြီး ကြံ့ခိုင်ဖွံ့ဖြိုးလာမယ်လို့ ယုံကြည်တယ်။ အထောက်အထားမဲ့သူတွေကိုပါ ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ပြီး ထိုင်းနိုင်ငံမှာ အတန်ကြာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ကူးစက်ရောဂါတွေ နောက်တချီ ပြန်ပေါ်မလာစေရေးအတွက် ကြိုတင်ကာကွယ်ရာလည်း ရောက်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးက ပြောသွားပါတယ်။
Source: Thaipost / MGROnline