
ထိုင်းနိုင်ငံ၊ ရနောင်းအချုပ်ထောင်ကနေ လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၅၂ ယောက်ကို မြန်မာဘက် ပြန်လွှဲပြောင်းပြီးတဲ့နောက် စစ်တပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကော့သောင်းဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၅ ရက် မနက် ၁၁ နာရီခွဲလောက်မှာ နှစ်နိုင်ငံတာဝန်ရှိသူတွေက ရနောင်းမြို့၊ ပန်နားရပ်ကွက် စူလ်ကာကော်လှေဆိပ်ကတဆင့် ကော့သောင်းမြို့လှေဆိပ်ဆီကို လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားပါတယ်။
အဲဒီ ၁၅၂ ယောက်ထဲက လူငယ်ပိုင်းအရွယ် အမျိုးသားတွေကို ခြောက်မိုင်ရွာအခြေစိုက် ခလရ ၂၆၂ တပ်ရင်းဘက်ကို ကားတွေနဲ့ ခေါ်ဆောင်သွားတယ်လို့ ကော့သောင်းမြို့ခံတယောက်က ပြောပါတယ်။
“ကော့သောင်းလှေဆိပ်ရောက်ပြီး ကားကြီး ၃ စီးနဲ့ ကားငယ်တွေနဲ့ ခေါ်သွားတယ်။ ထုတ်တဲ့သူလည်းမရှိဘူး။ ရောက်တာနဲ့ ကားပေါ်တင်ပြီးခေါ်ဆောင်သွားတယ်။ ၂၆၂ တပ်ရင်းဘက် ခေါ်သွားတယ်။ အမျိုးသားတွေပဲခေါ်သွားတယ်”
ထိုင်းက နေရပ်ပြန်ပို့ခံရတဲ့သူတွေကို ခလရ ၂၆၂ တပ်ရင်းထဲ ပို့ဆောင်လေ့ရှိပြီး အဲဒီတပ်ရင်းကတဆင့် မြိတ်၊ ပုလော၊ ပလောက်မှာရှိတဲ့ လေ့ကျင့်ရေးကျောင်းတွေဆီ သင်တန်းသားအသစ်တွေ ပို့ဆောင်တာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ရင်းထဲကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့လူအရေအတွက် အတိအကျ မသိရသေးဘဲ လူငယ်ပိုင်းအရွယ်တွေဖြစ်တာကြောင့် ပြန်ရွေးထုတ်လို့ မရနိုင်ဘူးလို့ ကော့သောင်းဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်ကလည်း ထိုင်းကနေ နေရပ်ပြန်ပို့ခံရတဲ့ ၉၉ ယောက်ထဲမှာ စစ်မှုထမ်းအကျုံးဝင်တဲ့အရွယ်ရှိတဲ့ အမျိုးသမီးတွေကိုပါ ပြန်မလွှတ်ပေးတော့ဘဲ အမျိုးသားတွေနဲ့အတူ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကော့သောင်းမြို့ခံ ပြည်သူတွေဆီက သိရပါတယ်။