
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးကတ်မြို့မှာ တရားမဝင်မြန်မာစားသောက်ဆိုင်တဆိုင် ဖွင့်လှစ်မှုနဲ့ မြန်မာအမျိုးသား တယောက်ကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့အ ကြောင်း Bangkok Post သတင်းမှာ စက်တင်ဘာ ၄ ရက်က ဖော်ပြပါတယ်။
ဖူးကတ်ခရိုင် လုံခြုံရေး အရာရှိချုပ် ဦးဆောင်တဲ့ အဖွဲ့က ဒေသခံပြည်သူတွေရဲ့ တိုင်ကြားချက်အရ ဖူးကတ်မြို့ ပြည်သူ့ဈေး အမှတ် ၁ စျေးနောက်မှာ ရှိတဲ့ သူငယ်ချင်းဆိုင် အမည်ရတဲ့ အဆိုပါ စားသောက်ဆိုင်ကို သွားရောက်စစ်ဆေးခဲ့ချိန်မှာ ခုလိုဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပြီး တဆိုင်လုံးနီးပါး မြန်မာနိုင်ငံသားဝန်ထမ်းတွေနဲ့ လည်ပတ်နေတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။
မေးမြန်းစစ်ဆေးချက်အရ အဆိုပါစားသောက်ဆိုင်မှာ ထိုင်းအလုပ်သမားတွေမရှိဘဲ မြန်မာနိုင်ငံက အလုပ်သမားတွေနဲ့ လုံးလုံးလျားလျား လည်ပတ်နေတာကို တာဝန်ရှိသူတွေက တွေ့ရှိခဲ့သလို ဆိုင်းဘုတ်တွေ၊ မီနူးတွေ၊ အော်ဒါဖြတ်ပိုင်းတွေနဲ့ ဘောက်ချာတွေ အားလုံးကို မြန်မာဘာသာနဲ့ ရေးသားထားပြီး စားသုံးသူတွေကလည်း အဓိကအားဖြင့် မြန်မာနိုင်ငံသားတွေ ဖြစ်ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ ထိုင်းအာဏာပိုင်တွေက အသက် ၃၇ နှစ်အရွယ် ဇော်မင်းလတ်ကို ဖမ်းဆီးခဲ့ပြီး မြန်မာဘာသာနဲ့ ရေးသားထားတဲ့ အစားအစာ မီနူး ၂ စောင်၊ လက်ရေးနဲ့ ရေးသားထားတဲ့ အစားအသောက်အော်ဒါ ၁၄ ရွက်၊ အမှာစာ ဖြတ်ပိုင်းတွေကိုပါ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
သူ့ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ စည်းမျဉ်းတွေအောက်မှာ နိုင်ငံခြားသားတွေ အတွက် လုပ်ကိုင်ဖို့ ခွင့်ပြုမထားတဲ့ အလုပ်တွေ ဖြစ်တဲ့ စာရေးစာချီ၊ အတွင်းရေးမှူးနဲ့ စာရင်းကိုင်အလုပ်တွေကို တရားမဝင် လုပ်ကိုင်မှုနဲ့လည်း အရေးယူသွားဖို့ ရှိနေပြီး သက်သေခံပစ္စည်းတွေကို ဖူးကတ်ရဲစခန်းဆီ လွှဲပြောင်းပေးအပ်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: Bangkok Post