Home
မြန်မာသတင်း
ထိုင်းအစိုးရက အလုပ်လုပ်ခွင့်ပြုသည့်အပေါ် မြန်မာစစ်ဘေး ဒုက္ခသည်များ ကြိုဆို 
DVB
·
August 27, 2025

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက အလုပ်လုပ်နိုင်တဲ့ လူဦးရေ ၄၀,၀၀၀ ကျော်ကို ထိုင်းနိုင်ငံထဲမှာ တရားဝင် အလုပ်လုပ်ခွင့်ပြုဖို့  ထိုင်းအစိုးရဝန်ကြီးများအဖွဲ့က ဩဂုတ် ၂၆ ရက်  အစည်းအဝေးမှာ သဘောတူလိုက်ပါတယ်။

နယ်စပ်ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပြုဖို့  ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနက အဆိုပြုထားတဲ့အချက်ကို အစည်းအဝေးက သဘောတူလိုက်တယ်၊ အရင်က ဒုက္ခသည်စခန်းက လူတွေ ပြင်ပထွက်ပြီးအလုပ်လုပ်ခွင့် ကန့်သတ်ထားတဲ့ ဥပ‌ဒကိုလည်း ရုပ်သိမ်းလိုက်တယ်လို့  ထိုင်းယာယီဝန်ကြီးချုပ်လည်းဖြစ်၊ ပြည်ထဲ‌ရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်းဖုမ်းထမ်း ဝေ့ချယချိုင်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

၂ နိုင်ငံ ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့၊ တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုပြဿနာ လျှော့ချဖို့၊ ဒုက္ခသည်စခန်းနေ ပြည်သူတွေရဲ့ လူမှုစီးပွားနဲ့ ကျန်းမာရေးအကျိုးအတွက်ရော၊ နယ်စပ် တည်ငြိမ်အေးချမ်း‌ရေးအတွက်ပါ အခြေအနေအရပ်ရပ်ပေါ် သုံးသပ်ပြီး ဒီအချက်ကို သဘောတူလိုက်ကြတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပြုလိုက်ခြင်းအားဖြင့် အစိုးရရဲ့ ဝန်ထုပ်ဝန်ပိုးကိုလည်း လျော့ကျစေမယ်၊ စက်ရုံ အလုပ်ရုံနဲ့ တခြားလုပ်ငန်းခွင်က အလုပ်သမားရှားပါးမှုပြဿနာလည်း ဖြေရှင်းနိုင်မယ်၊ သူတို့ကို ကျန်းမာရေးစစ်ဆေးပြီး ကျန်းမာရေးအာမခံ လုပ်ပေးရမယ်၊ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းနဲ့အညီ လူသားချင်းစာနာမှုအကူအညီပေးရာလည်း ရောက်တာကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းနဲ့ ထိုင်းနိုင်ငံကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေတယ်လို့  ထိုင်းယာယီဝန်ကြီးချုပ်က ပြောသွားပါတယ်။

နယ်စပ်ဒုက္ခသည်စခန်းနေ ပြည်သူတွေဟာလည်း ဒီအခွင့်အရေးရဖို့ တစိုက်မတ်မတ် တောင်းဆိုလာခဲ့တာမှာ အခုလို ကြားသိရတော့ လွန်စွာဝမ်းသာကြိုဆိုကြောင်း၊ လုပ်ငန်းခွင် ဝင်ရောက်ဖို့ အသင့်ဖြစ်ကြောင်း မယ်ဟောင်ဆောင်ခရိုင် ဘန့်မိုင်နိုင်းဆွယ်ဒုက္ခသည်စခန်းမှာ နေထိုင်သူတယောက်က  DVB ကို ပြောပါတယ်။

“ကျနော်တို့ အပြင်ထွက်ပြီး အလုပ်လုပ်ရဖို့ အမြဲတောင်းဆိုခဲ့ပါတယ်။ ဒီသတင်းကြားတော့ ဝမ်းသာတယ်။ အစိုးရ ပြောတဲ့အတိုင်း တကယ်အကောင်အထည်ဖော်ပေးဖို့ မျှော်လင့်တယ်။ သွားဖို့အဆင်သင့်ပဲ။ ဒါပေမဲ့ ကျနော်တို့က ဘာသာစကား အခက်အခဲရှိတော့ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံခံရတာ၊ ဖိနှိပ်ခံရမှာတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့။ အလုပ်သမားအခွင့်အရေး အပြည့်ရဖို့လည်း မျှော်လင့်တာပေါ့။ အရင်ကတော့ တတိယနိုင်ငံ သွားရဖို့  မျှော်လင့်တယ်။ ဒီနှစ်ကစ အဲဒီအခွင့်အလမ်း မရှိတော့ဘူး။ ဒါကြောင့် ထိုင်းမှာ အလုပ်ရဖို့လမ်းပဲ ရွေးရတော့မယ်။”

ဘယ်နေ့ လုပ်ငန်းခွင်စဝင်ရမလဲဆိုတာ သက်ဆိုင်ရာက ဘာမှ အကြောင်းကြားလာတာ မရှိသေးကြောင်း၊ ဒါပေမဲ့ လွန်ခဲ့တဲ့အပတ်ကစပြီး စခန်းထဲက အသက် ၁၈ နှစ် မှ ၆၅ နှစ်ကြား အလုပ်လုပ်နိုင်တဲ့ လူဦး‌ရေစာရင်း လာကောက်တာတော့ရှိတယ်၊ မိမိ လုပ်ကိုင်နိုင်တဲ့ အလုပ်ပါ ဖောင်ဖြည့်ရတယ်၊ အဲဒီထဲမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်ရုံအလုပ်ရုံ၊ လက်မှုလုပ်ငန်း၊ ကွန်ပျူတာ၊ ရေလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းတွေပါ ပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။ 

ဒုက္ခသည်စခန်းမှာ ဒီဩဂုတ်လဆန်းကစပြီး TBC / IRC စတဲ့ အဖွဲ့အစည်းတွေဆီက ကူညီထောက်ပံ့မှုတွေ မရတော့တာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတယ်၊ အရင်ကလည်း လူတယောက်ကို တလ ဆန် ၉ ကီလိုစီသာ ရတာကြောင့် စုဆောင်းဖို့ အပိုအလျှံမရှိဘူး၊ ဒီလအတွက် ဈေးဆိုင်ကနေ အကြွေးယူတာ၊ အသိမိတ်ဆွေတွေဆီ လှမ်းပြီးငွေချေးတာ၊ စခန်းအပြင်ဘက် ခိုးထွက်ပြီး အလုပ်လုပ်ကာ ဝမ်း‌ရေးပြဿနာဖြေရှင်းနေကြရတာလို့ ဆိုပါတယ်။ 

ထိုင်းအစိုးရအနေနဲ့တော့ ကျန်းမာရေးဝန်ထမ်းတွေ စေလွှတ်ပြီး စခန်းထဲကလူတွေကို ကျန်းမာရေး စစ်ဆေးပေးတာ၊ ရိုးရိုးဖျားနာတာတွေ ကုသပေးတာရှိတယ်၊ ဆေးရုံတက်ရမယ့်လူနာဆိုရင်တော့ ဆေးကုခတဝက် ကိုယ့်ဘာသာ ကျခံရတယ်၊ စခန်းအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးတာတော့ မရှိဘူးလို့ ဆိုပါတယ်။ 

ထိုင်း-မြန်မာနယ်စပ် တာ့ခ်၊ မယ်ဟောင်ဆောင်၊ ကန်ကျနပူရီနဲ့ ရာ့ချ်ပူရီ ခရိုင် ၄ ခုထဲမှာ UN အသိအမှတ်ပြု ဒုက္ခသည်စခန်း ၉ ခု လူဦးရေ  ၇၀,၀၀၀ ကျော်ရှိတယ်။

အဲဒီထဲမှာ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ရှိ လူဦးရေ ၄၂,၀၀၀ ကျော်ရှိတယ်လို့ ထိုင်းအလုပ်သမားညွှန်ကြား‌ရေးဦးစီးဌာန ညွှန်ချုပ် နိုင်းဆုမ်ချိုင်း မော်လကွတ်ဆီဝမ်းက သတင်းထောက်တွေကို ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ ဒီနှစ်ထဲ ကမ္ဘောဒီးယားနဲ့ နယ်စပ်အရေး တိုက်ပွဲဖြစ်ပြီးတဲ့နောက် သောင်းနဲ့ချီတဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေ နေရပ်ပြန်ကုန်တာကြောင့်  သူတို့လုပ်ခဲ့တဲ့လုပ်ငန်းခွင်မှာ အလုပ်သမားတွေ အစားထိုးဖို့ အလျင်လိုအပ်နေတာလည်း ဖြစ်ပါတယ်။ 

Source: The Reporters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013