Home
နိုင်ငံတကာ
ကာဂျီကီ မုန်တိုင်းကြောင့် ထိုင်း ၅၈ ခရိုင် မိုးသည်းထန် ရေကြီးရေလျှံသတိပေး 
DVB
·
August 26, 2025
Photo: tnews

ထိုင်းနိုင်ငံမှာ ဩဂုတ် ၂၅ မှ ၂၇ နေ့ရက်တွေအတွင်း ကာဂျီကီအမည်ရှိ အပူပိုင်းမုန်တိုင်း သက်ရောက်မှုကြောင့်  ၅၈ ခရိုင်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးရေလျှံတာနဲ့ တောင်ကျချောင်းရေတွေ သတိထားဖို့ ထိုင်းနိုင်ငံမိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ပါတယ်။ 

တောင်တရုတ်ပင်လယ်ကိုဖြတ်ကျော်တဲ့ အပူပိုင်းမုန်တိုင်း ကာဂျီကီဟာ တိုင်ဖွန်းမုန်တိုင်းအဖြစ်နဲ့ ပိုမိုအားကောင်းလာပြီး  အနောက်ဘက်သို့ အနည်းငယ်ရွေ့လျားတယ်၊ အဲဒီနောက် မြောက်ဘက်ကို ထပ်ပြီးရွှေ့လျားနေတာကြောင့် ဗီယက်နမ်၊ လာအိုနဲ့  အရှေ့မြောက်ဘက် ကမ်းရိုးတန်းတလျှောက်မှာ  မိုးတိမ်တောင်တွေ  တိုးလာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း အီဆန်ဒေသ၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသရှိ ခရိုင်ပေါင်း ၅၈ ခရိုင်မှာ လျှပ်တပြက်ရေကြီးရေလျှံတာနဲ့ တောင်ကျချောင်းရေတွေ သတိ ထားဖို့လိုအပ်ပြီး ထိုင်းပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်မှာလည်း လှိုင်းအမြင့် ၂  မှ ၃ မီတာအထက် တက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ် ။ 

ဩဂုတ် ၂၆ နဲ့ ၂၇ နေ့ရက်တွေအတွင်း မိုးသည်းထန်နိုင်တဲ့ ခရိုင်တွေကတော့ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း၊ လမ်းဖွန်း၊ လမ်းပန်း၊ ဖယောဝ်း၊ နန့် ၊ ဖရဲ့ ၊ ဥတရာဒစ်၊ ဆုခိုထိုင်း၊ တာ့ခ်၊ ကမ်ဖိုင်ဖစ်၊ ဖိကျစ်၊ ဗိစနုလုတ်နဲ့ ဖစ်ချ်ဘွန်းခရိုင်တို့ဖြစ်ပါတယ်။ 

ထိုင်းအရှေ့မြောက်ပိုင်း  လွေး၊ နောင်ခိုင်၊ ဘင်ကန်၊ ဥဒွန်းဌာနီ၊ စကွန်းနခွန်း၊ နခွန်းဖနုန်၊ ခွန်ကဲင်၊ ကားလားဆင်၊ မုဒ်တာဟန်၊ ယဆိုထွဏ်း၊ အမ်နတ်ကျရွန်းနဲ့  ဥဘွန်းရာ့ချ်ဌာနီခရိုင်တို့ ပါဝင်သလို ထိုင်းအလယ်ပိုင်းက နခွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ ချိုင်းယနတ်၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ ဘန်ကောက်နဲ့ အနီးတဝိုက်ဧရိယာပါဝင်ပါတယ်။ 

ဒါ့အပြင် ထိုင်းအရှေ့ပိုင်း နခွန်းနားယုဒ်၊ ပရာကျင်းပူရီ၊ ဆလကယောက်၊ ချချိန်းဆောင်း၊ ချွန်းပူးရီး၊ လယောင်း၊ ကျန်ထပူရီနဲ့ တရာတ်ခရိုင်၊ ထိုင်းတောင်ပိုင်း ဖစ်ချ်ဘူရီ၊ ပရကျူပ်ခီရီခန်၊ ချွန်းဖွန်း၊ လယောင်း၊ ဖန်င နဲ့ ဖူးကက်ခရိုင် စတာတွေ ဖြစ်ပါတယ်။     

လတ်တလော ထိုင်းအရှေ့မြောက်ဒေသ ဘင်ကန်၊ နောင်ခိုင်၊ နခွန်းပထုန်၊ စကွန်းနခွန်း၊ မုဒ်တာဟန်မှာ ညလုံးပေါက်မိုးရွာသွန်းတာကြောင့် မုန်တိုင်းအရှိန်စတင်သက်ရောက်မှု ရှိနေပြီဖြစ် တယ်။ 

၅၈ ခရိုင်တွင်း သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ဖို့  စက်ယန္တရားတွေ ကြိုတင်ပြင်ဆင်ခြင်း၊ ပြည်သူတွေထံ သတင်းအချက်အလက်အချိန်မီပေးပို့တာ၊ သက်ကြီးရွယ်အို လူမမာတွေ ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းတာ၊ တန်ဖိုးရှိပစ္စည်းနဲ့ အရေးကြီးစာရွက်စာတမ်းတွေ ကြိုတင်သိမ်းဆည်းထားကြဖို့ ညွှန်ကြားထားပြီး တချို့ခရိုင်တွေမှာ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေပြီလို့  ထိုင်းပြည်ထဲရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး နန်းဆောင် ထီရာရတ် ဆမ်ရစ်ဝါနစ်က ဩဂုတ် ၂၅ ရက် သဘာဝ ဘေးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အစည်းအဝေးမှာ ပြောကြားပါတယ်။ 

Source :  TNews / Thai PBS / Matichon.

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013