
အခုနှစ်ရဲ့ ၁၃ ကြိမ်မြောက် တိုင်ဖွန်းမုန်တိုင်း ကာဂျီကီဟာ ဩဂုတ် ၂၄ ရက်က အနောက်ဘက်ဆီ ရွေ့လျားခဲ့ပြီး တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ကမ်းရိုးတန်းမြို့ စန်းယာကနေ ကုန်းတွင်းကို ဝင်ခဲ့တဲ့အတွက် မိုးသည်းပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။
ကာဂျီကီ မုန်တိုင်းဟာ တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီမှာ အားပြင်း တိုင်ဖွန်းမုန်တိုင်း ဖြစ်လာခဲ့ပြီး ဗဟိုချက်နားမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင် ၁၀၀ ထိ ရောက်ခဲ့တယ်လို့ ဟိုင်နန် မိုးလေဝသ အာဏာပိုင်တွေက ပြောပါတယ်။
ညနေ ၅ နာရီမှာတော့ မုန်တိုင်းဗဟိုက စန်းယာမြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၉၀ လောက်မှာရှိပြီး ပြင်းထန်မှု တိုးလာခဲ့ပါတယ်။
မုန်တိုင်းဟာ တနာရီ ကီလိုမီတာ ၂၀ နှုန်းနဲ့ အနောက်မြောက်ဘက်ဆီ ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။
တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ စန်းယာမြို့ကနေ လေတုံးမြို့ ရေပြင်အနားကို ဖြတ်သန်းမယ်လို့ ခန့်မှန်းထားပါတယ်။
တိုင်ဖွန်းမုန်တိုင်းကြောင့် ဟိုင်နန်မှာ မိုးသည်းခဲ့လို့ ရေနစ်မြုပ်တာ၊ ရုတ်တရက် ရေကြီးတာနဲ့ ဘူမိဗေဒဆိုင်ရာ ဘေးဒုက္ခအန္တရာယ်တွေ မြင့်တက်လာပါတယ်။
ပြည်နယ်အစိုးရက အရေးပေါ်တုံ့ပြန်ရေး အစီအမံတွေကို စတင်လုပ်ဆောင်ခဲ့ပြီး ကြိုတင်ကာကွယ်ရေးနဲ့ ကြိုတင်ပြင်ဆင်မှုတွေ တိုးမြှင့် လုပ်ဆောင်ခဲ့ပါတယ်။
ငါးဖမ်းသင်္ဘောတွေနဲ့ ဆိပ်ကမ်းတွေ ဘေးကင်းစေရေးတို့အပြင် အရှေ့တောင်ပိုင်းက မြို့ကြီးတွေနဲ့ ခရိုင်တွေမှာ ရေကြီးမှုနဲ့ လေပြင်းတိုက်ခတ်မှု ကာကွယ်ရေး လုပ်ငန်းတွေကို အာရုံစိုက်ထားပါတယ်။
ပင်လယ်ပြင်ခရီးသွား လုပ်ငန်းတချို့ အထူးသဖြင့် ကျွန်းတွေနဲ့ ကျောက်တန်းတွေမှာ ဖြစ်နိုင်ခြေရှိတဲ့ ခရီးသွားလာမှုတွေကို ရှောင်ရှားဖို့ အကြံပြုထားပါတယ်လို့ ဟိုင်နန်ပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုဌာနက လေ့ကျင့်ရေးဒါရိုက်တာ လျိုကောင်းက ပြောပါတယ်။
ပျက်စီးလွယ်တဲ့ အိမ်တွေ၊ မြေနိမ့်ပိုင်းဇုန်တွေ၊ ရုတ်တရက် ရေလွှမ်းမိုးမှုအန္တရာယ် ကျရောက်နိုင်တဲ့ ဒေသတွေ အပါအဝင် ပျက်စီးလွယ်တဲ့ နေရာတွေမှာ နေသူတွေကို ရာသီဥတုအခြေအနေ စောင့်ကြည့်ဖို့နဲ့ လိုအပ်ရင် ဘေးကင်းတဲ့နေရာတွေဆီ ပြောင်းရွှေ့နေထိုင်ဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
တိုင်ဖွန်း ကာဂျီကီ အရှိန်ပြင်းပြင်းတိုက်ခတ်လို့ စန်းယာမြို့မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ပိတ်သိမ်းဖို့ တရုတ်အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံ မိုးလေဝသအေဂျင်စီက ဟိုင်နန်နဲ့ အနားက ကွမ်တုံနဲ့ ကွမ်းရှီးပြည်နယ်တွေမှာ မိုးသည်းပြီး လေပြင်းတွေ တိုက်မယ်လို့ ခန့်မှန်းထားပါတယ်။
ဟိုင်နန်က ဒေသတွေမှာ တနင်္ဂနွေနေ့ကနေ တနင်္လာနေ့အထိ မိုးရေချိန် ၁၂ ဒသမ ၆ လက်မအထိ ရွာသွန်းနိုင်တယ်လို့ CNN သတင်းဌာနက ဖော်ပြထားပါတယ်။
Source: Reuters