
တရုတ်ရဲ့ ဖိအားကြောင့် UWSA ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်အနေနဲ့ နှစ် ၄၀ အတွင်း အကြီးဆုံး သေရေးရှင်ရေး ကိစ္စကို ရင်ဆိုင်နေရပြီး မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လက်နက်၊ ငွေကြေးကူညီတာနဲ့ လမ်းကြောင်းသုံးခွင့်ပေးတာတွေ မလုပ်နိုင်တော့ဘူးလို့ ဝပြည်သူ့အစိုးရ ဒုတိယ ဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ပြောပါတယ်။
ဩဂုတ် ၂၀ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းက မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့က အဆင့်မြင့် ကိုယ်စားလှယ်တွေနဲ့ တွေ့ရာမှာ အဲဒီလို ပြောလိုက်တာလို့ Wa Channel က ဩဂုတ် ၂၂ မှာ ထုတ်ပြန်ပါတယ်။
အဲဒီအတွက် တရုတ်က ‘ဝ’ ပြည်နယ်က လူတွေကို ဖမ်းဆီးတာ၊ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်တာနဲ့ နယ်စပ်ဂိတ်ပေါက်ကို ပိတ်တာတွေလုပ်ပြီး အရေးယူခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဝပြည်အစိုးရအဖွဲ့၊ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် တယောက်စီကိုပါ ပိတ်ဆို့အရေးယူတာတွေ လုပ်ခဲ့ပြီး ‘ဝ’ ပြည်အစိုးရအနေနဲ့ တရုတ်ငွေ ဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့တယ်လို့လည်း ဦးကျောက်ကော်အန်းက ပြောပါတယ်။
‘ဝ’ အနေနဲ့ မဟာမိတ်တွေကို လက်နက် ငွေကြေးကူညီရင် ပိုပြီး အရေးယူမယ်လို့လည်း တရုတ်က ရာဇသံပေးထားပြီး အဲဒါကြောင့် လက်နက်၊ ငွေကြေးနဲ့ လမ်းကြောင်းအကူအညီ မပေးနိုင်တော့ဘူးလို့ ပြောပါတယ်။