Home
နိုင်ငံတကာ
V-Day စစ်ရေးပြပွဲ၌ နောက်ဆုံးပေါ်  လက်နက်များ တရုတ်ပြသမည် 
DVB
·
August 21, 2025
Photo :Reuters

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ စက်တင်ဘာ ၃ ရက်မှာ တရုတ်မြို့တော် ပေကျင်းမှာ ကျင်းပမယ့် V-Day စစ်ရေးပြအခမ်းအနားမှာ နောက်ဆုံးပေါ်လက်နက်တွေနဲ့ ကိရိယာတွေကို ပြသမယ်လို့ စစ်ဘက်အရာရှိတယောက်က ဩဂုတ် ၂၀ ရက်မှာ ပြောပါတယ်။

စစ်ရေးပြပွဲအတွက် ပြင်ဆင်မှုတွေကို ရှင်းပြတဲ့ အကြမ်းဖျင်း သတင်းစာရှင်းလင်းပွဲမှာ စစ်ဦးစီးအဖွဲ့ရုံးက လက်ထောက်ညွှန်ကြားရေးမှူးနဲ့ ဗဟိုစစ်ကော်မရှင်ရဲ့ ပူးတွဲစစ်ဦးစီးဌာန အကြီးတန်းအရာရှိ ဝူကျီးခဲ့က စစ်ရေးပြအခမ်းအနားမှာ ပြမယ့် လက်နက်တွေနဲ့ပတ်သက်ပြီး မီဒီယာတွေကို ပြောခဲ့တာပါ။

မြေပြင်တိုက်ပွဲ၊ ရေကြောင်းတိုက်ခိုက်ရေး၊ လေကြောင်းရန် ကာကွယ်ရေးနဲ့ ဒုံးကျည် တိုက်ဖျက်ရေး စစ်ဆင်ရေး၊ သတင်းအချက်အလက် စစ်ဆင်ရေး၊ မောင်းသူမဲ့ တိုက်ခိုက်ရေး၊ ထောက်ပံ့ ပို့ဆောင်ရေး၊  စက်ပစ္စည်း ထောက်ပံ့ရေးနဲ့ ဗျူဟာမြောက် တိုက်ခိုက်ရေးအဖွဲ့တွေပါတဲ့ ပူးပေါင်း တိုက်ခိုက်ရေးအဖွဲ့တွေကို ဖွဲ့ စည်းထားတယ်လို့ သူက ပြောပါတယ်။ 

ဒီအဖွဲ့အများစုမှာ PLA ရဲ့ ခေတ်သစ် စစ်ပွဲမှာ အားကောင်းတဲ့ အနိုင်ယူနိုင်စွမ်းကို ပြရင်း နိုင်ငံအတွက် သေရေး ရှင်ရေး ဆုံးဖြတ်မယ့် လက်နက်တချို့နဲ့ ခေတ်မီ စစ်ပွဲရဲ့ ဆင့်ကဲဖြစ်စဉ်ကို ရောင်ပြန်ဟပ်တဲ့ နောက်ဆုံးပေါ် လက်နက်တွေ ပါတယ်လို့လဲ သူက ပြောခဲ့ပါတယ်။

လေကြောင်းဆိုင်ရာ အခင်းအကျင်းတွေမှာ ခေတ်မီ ကြိုတင်သတိပေးတဲ့ စနစ်တွေ၊ အမိန့်ပေး လေယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ ပါ၀င်ပြီး စံချိန်စံညွှန်းနဲ့ အကိုက်၊ စနစ်ကျတဲ့ ပုံစံနဲ့ တည်ဆောက်ထားပါတယ်။

“အခင်းအကျင်းတွေမှာ လက်ရှိ ကျနော်တို့ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အဓိက တိုက်ခိုက်ရေးလေယာဉ်အမျိုးအစားတွေ ပါတယ်။ လူတိုင်း အာရုံစိုက်နေကြတဲ့ နာမည်ကြီး လေယာဉ်အများကြီး အပါအဝင်၊ တချို့ လေယာဉ်တွေဟာ သူတို့ရဲ့ ပွဲဦးထွက်ပုံသဏ္ဌာန်ကို ပြသနိုင်လိမ့်မယ်”လို့ ဝူက ပြောပါတယ်။

V-Day ချီတက်ပွဲမှာ စုစုပေါင်း ပုံစံ ၄၅ မျိုး ပါဝင်မယ်လို့လည်း သူက ပြောခဲ့ပါတယ်။ တရုတ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့စနစ်ဟာ ပုံမှန်တပ်မတော်၊ ဒေသခံတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေ ပေါင်းစပ်ထားတဲ့ စနစ်တခု ဖြစ်ပါတယ်။

Source:Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013