
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ပြင်ဆင်နေတဲ့ အထွေထွေရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောကြားလိုက် ပါတယ်။
မြန်မာစစ်ကောင်စီက ဒီဇင်ဘာ ၂၈ ရက်ကစလို့ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ကြေညာခဲ့တဲ့အပေါ် တရုတ်အစိုးရရဲ့ သဘောထားနဲ့ပတ်သက်လို့ ဩဂုတ် ၁၉ ရက်က ဘေဂျင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း AFP သတင်းဌာနက မေးမြန်းရာမှာ တရုတ် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဖြေကြားသွားတာပါ။
“အထွေထွေရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ဖြစ်ပါတယ်။ မြန်မာပြည်တွင်းက ပါတီအားလုံးနဲ့ အဖွဲ့အစည်းအားလုံးဟာ နိုင်ငံနဲ့ လူမျိုးရဲ့ ရေရှည်အကျိုးစီးပွားကို ရှေးရှုပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေတွေရဲ့ ဘောင်အတွင်းကနေ ဆွေးနွေးညှိနှိုင်းမှုနဲ့ ပြန်လည်သင့်မြတ်ရေးကြိုးပမ်းဖို့၊ နိုင်ငံရဲ့ လူမှုတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးပြန် ဖော်ဆောင်ပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ် မြှင့်တင်သွားဖို့ လိုအပ်တယ်လို့ တရုတ်နိုင်ငံက ခံယူထားပါတယ်။”
ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စလို့ တရုတ်ကပြောနေပေမဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံနေသလို ရွေးကောက်ပွဲအတွက် နည်းပညာနဲ့ စက်ပစ္စည်းအကူအညီတွေလည်း စစ်ကောင်စီကို ပေးအပ်နေတာပါ။
ဒါအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း ဖိအားပေးပြီး ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ကာ သိမ်းပိုက်နယ်မြေတွေကို စစ်ကောင်စီထံ ပြန်လည် စွန့်လွှတ်ခိုင်းနေပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတဝန်းထိန်းချုပ်နိုင်ခြင်းမရှိတော့ပေမဲ့ နေပြည်တော် အပါအဝင် နယ်မြေစိုးမိုးထားတဲ့နေရာတွေမှာ ရွေးကောက်ပွဲတွေကို ဒီဇင်ဘာ ၂၈ ရက်ကစလို့ အပိုင်းလိုက် ကျင်းပမယ်လို့ ကြေညာထားပါတယ်။
ဒီရွေးကောက်ပွဲကို လာရောက် စောင့်ကြည့်လေ့လာဖို့ တရုတ်အစိုးရကို မြန်မာစစ်ကောင်စီက ဖိတ်ခေါ်ထားပေမဲ့ တရုတ်ဘက်ကတော့ အကြောင်းပြန်ကြားတာတော့ မတွေ့ရသေးပါဘူး။