Home
နိုင်ငံတကာ
တရုတ် နျူကလီးယားလက်နက် အရွယ်အစားနှင့် အင်အားတိုးချဲ့
DVB
·
August 20, 2025
Photo: REUTERS/Stringer

တရုတ်နိုင်ငံဟာ သမားရိုးကျ စစ်လက်နက်အင်အားကို အကြီးအကျယ် တိုးချဲ့တည်ဆောက်နေတဲ့အပြင် နျူကလီးယားတပ်ဖွဲ့တွေရဲ့ အရွယ်အစားနဲ့ စွမ်းဆောင်ရည်ကိုလည်း လျင်လျင်မြန်မြန်နဲ့ စဉ်ဆက်မပြတ် တိုးချဲ့နေတယ်လို့  အမေရိကန်စစ်ဘက်နဲ့ လက်နက်ထိန်းချုပ်ရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။ 

၂၀၂၇ ခုနှစ်မှာ ထိုင်ဝမ်ကို သိမ်းပိုက်နိုင်ဖို့ အသင့်ဖြစ်နေရမယ်ဆိုတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ညွှန်ကြားချက်ကြောင့် ကုန်း၊ ရေ၊ လေ ကနေ ပစ်လွှတ်နိုင်တဲ့ နျူကလီးယားလက်နက်တွေ တိုးချဲ့ တည်ဆောက်လာတာလို့ အမေရိကန် မဟာဗျူဟာ ကွပ်ကဲမှုဌာနရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး အန်တိုနီ ပြောကြားခဲ့ပါတယ်။  

ဘယ်လိုအခြေအနေမျိုးမှာမှ တရုတ်က နျူလက်နက်ကို အရင်မသုံးဘူးဆိုတဲ့ ကတိကို တရုတ်ရဲ့ အမျိုးသားကာကွယ်ရေးမူဝါဒမှာ ဖော်ပြထားပါတယ်။

“အရင်ဆုံးမသုံးစွဲရေး (no-first-use)” မူဝါဒမှာ နျူလက်နက်မပိုင်တဲ့ နိုင်ငံတွေအပေါ် နျူလက်နက် မသုံးဘူး၊ နျူလက်နက်နဲ့ မခြိမ်းခြောက်ဘူးဆိုတဲ့ ကတိလည်း ပါဝင်ပါတယ်။ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနကလည်း “နျူကလီးယားစစ်ပွဲဆိုတာ ဘယ်သူမှ မနိုင်သလို၊  ဖြစ်လို့လည်း မရဘူး” လို့  ရိုက်တာရဲ့ မေးခွန်းကို တုံ့ပြန်ပါတယ်။ 

ဒါပေမဲ့ နျူတပ်ဖွဲ့တွေအပေါ် တိုက်ခိုက်လာရင်၊ နျူတိုက်ခိုက်မှုနဲ့အလားတူ သက်ရောက်မှုတွေ ရှိလာရင်တော့ အရင်ဆုံးသုံးတာ ဖြစ်လာနိုင်တယ်လို့ ပင်တဂွန်က သုံးသပ်ပါတယ်။

ထိုင်ဝမ်အရေးမှာ သမားရိုးကျ စစ်မနိုင်ရင်လည်း တရုတ်က နျူကလီးယား အရင်ဆုံးသုံးဖို့ စဉ်းစားနိုင်ခြေရှိတယ်လို့ အမေရိကန်ဘက်က သုံးသပ်ထားပါတယ်။ 

တရုတ်ရဲ့ နျူလက်နက်တိုးချဲ့ စုဆောင်းမှုဟာ တခြားနျူလက်နက်နိုင်ငံတွေထက် ပိုမြန်နေပြီးတော့ နျူကလီးယားထိပ်ဖူး ၆၀၀ လောက် စုထားပြီးဖြစ်တယ်လို့  Bulletin of the Atomic Scientists အဖွဲ့က ခန့်မှန်းထားပါတယ်။ 

တရုတ်ဟာ ဒုံးကျည်သိုလှောင်ရုံ အသစ် ၃၅၀  လောက်နဲ့  သယ်ယူရွှေ့ပြောင်းနိုင်တဲ့ ပစ်လွှတ် ယာဉ် တွေ  စခန်းသစ်တွေ အများကြီးဆောက်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှာ မြေပြင်အခြေစိုက် ဒုံးပစ်လွှတ်ယာဉ် ၇၁၂ စင်းခန့်ရှိနေပြီး အကုန်လုံးက နျူလက်နက်ပစ်လွှတ်ဖို့တော့ မဟုတ်ပါဘူး။  

အဲဒီထဲက ပစ်လွှတ်ယာဉ် ၄၆၂ စင်းဟာ အမေရိကန်ပြည်ထောင်စု ကုန်းမကြီးအထိ ရောက်နိုင်တဲ့ ဒုံးကျည်တွေကို တင်ဆောင်နိုင်စွမ်းရှိနေတယ်လို့ ဆိုပါတယ်။ 

၂၀၃၀ ခုနှစ် ကျရင် တရုတ်မှာ အသင့်သုံးနျူလက်နက်ထိပ်ဖူး ၁၀၀၀ ကျော်အထိ ပိုင်ဆိုင်လာနိုင်တယ်လို့လည်း ပင်တဂွန်က ခန့်မှန်းထားပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024