
မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက် တပ်ဆင်မှုကို မြန်မြန်ဆန်ဆန် ချဲ့ထွင်ဖို့ လိုအပ်နေပြီး အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကလည်း စစ်ပွဲဖြစ်စေချင်နေတဲ့ အကြံအစည်ကို ထင်ထင်ရှားရှား ဖော်ပြနေတဲ့ သဘောထားဖြစ်ကြောင်း ကင်မ်ဂျုံအန်းက ပြောပါတယ်။
သြဂုတ် ၁၈ ရက်က ရေတပ်ဖျက်သင်္ဘောတစင်းကို လာရောက်ကြည့်ရှုချိန်မှာ ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဩဂုတ် ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
“သူ အမြဲတမ်း အလေးပေး ပြောနေသလိုပဲ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ ရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်က ပိုဆိုးဝါးလာပြီး လက်ရှိအခြေအနေဟာ ရှိရင်းစွဲ စစ်ရေးသီအိုရီနဲ့ လက်တွေ့မှာ အခြေခံကျပြီး မြန်ဆန်တဲ့ အပြောင်းအလဲတွေအပြင် နျူကလီးယားလက်နက် တပ်ဆင်ရေး အရှိန်အဟုန်နဲ့ ချဲ့ထွင်နေဖို့လည်း လိုအပ်နေပါတယ်” လို့ ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားသွားကြောင်း KRT သတင်းမှာ ဖတ်ကြားသွားပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားအပေါ် ရန်အလိုဆုံးနဲ့ ထိပ်တိုက်တွေ့ဖို့ အဖြစ်ဆုံး ရင်ဆိုင်မှုတွေကို ဆက်လက်တည်ရှိနေစေဖို့ သူတို့ရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတာပဲလို့ ကင်မ်ဂျုံအန်းက ပြောပါတယ်။
တောင်ကိုရီးယားနဲ့ သူ့ရဲ့မဟာမိတ် အမေရိကန်တို့ဟာ အခုသီတင်းပတ်အတွင်းမှာ မြောက်ကိုရီးယား နျူကလီးယား ခြိမ်းခြောက်မှုကို အဆင့်မြှင့် တုံ့ပြန်ရေး စမ်းသပ်ခြင်း အပါအဝင် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပါတယ်။
မကြာသေးမီက အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုမှာ “နျူကလီးယားဒြပ်စင်” ပါဝင်နေတာကို သတိပြုမိတာကြောင့် မြောက်ကိုရီးယားမှာ နျူကလီးယားလက်နက်ကို အလျင်အမြန် တိုးချဲ့ဖို့ လုံခြုံရေးပတ်ဝန်းကျင် လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြုံယမ်းဟာ အဲဒီစစ်ရေးလေ့ကျင့်မှုတွေကို ကျူးကျော်စစ်အတွက် အစမ်းလေ့ကျင့်မှုတွေအဖြစ် မကြာခဏ ဝေဖန်လေ့ရှိပြီး တခါတရံမှာ လက်နက် စမ်းသပ်ပစ်ခတ်မှုတွေနဲ့ တုံ့ပြန်လေ့ရှိပေမဲ့လည်း ဆိုးလ်နဲ့ ဝါရှင်တန်တို့က အဲဒီလေ့ကျင့်မှုတွေကို ခုခံမှုသက်သက် ဖြစ်တယ်လို့ပဲ ဆိုထားပါတယ်။
နှစ်စဉ် ပြုလုပ်နေကျ အူလ်ချီ Freedom Shield လို့ခေါ်တဲ့ ၁၁ ရက်ကြာ လေ့ကျင့်မှုဟာ ၂၀၂၄ ခုနှစ်က အရွယ်အစားနဲ့ ဆင်တူပေမဲ့ လေ့ကျင့်ရေး အခမ်းအနား ၄၀ ထဲက ၂၀ ကို စက်တင်ဘာလကို ပြန်ရွှေ့ပြီး အချိန်ဇယားကို ပြန်ညှိထားမှာဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေကို ဖြေလျှော့ပေးချင်တယ်လို့ ပြောတာကြောင့် အခုလို နှောင့်နှေးလုပ်ဆောင်ခဲ့ပေမဲ့လည်း လေ့လာသုံးသပ်သူတွေကတော့ ပြုံယမ်းရဲ့ တုံ့ပြန်မှုအပေါ် သံသယရှိနေကြပါတယ်။
Source: Reuters