
ပြီးခဲ့တဲ့လက အစ္စရေးက အီရန်ရဲ့ အရေးပါတဲ့ နျူကလီးယားဆိုက်တွေအပေါ်ဗုံးကြဲတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ပြီး တီဟီရန် နျူကလီးယားပရိုဂရမ်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေမှာ အမေရိကန်က အရှိန်မြင့်ပါဝင်လာခဲ့ပြီး ဒီအခြေအနေဟာ ပြိုင်ဘက်နိုင်ငံတွေအတွက် ထရမ့်ပ်အစိုးရလက်ထက်မှာ အလားအလာရှိနိုင်မယ့် အန္တရာယ် တွက်ကိန်းတွေမှာ ပါဝင်လာခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် ဝါရှင်တန်ဟာ တရုတ်၊ ရုရှားနဲ့ အီရန်တို့ရဲ့ ရပ်တည်ချက်တွေအပေါ် ဘယ်လို အဟန့်အတားဖြစ်စေနိုင်ခဲ့သလဲဆိုတာ အခုချိန်ထိ မရှင်းလင်းသေးပေမဲ့ ဒီအခြေအနေကြောင့် စိုးရိမ်ပြီး အပြောင်းအလဲဖြစ်နိုင်ခြေ အနည်းဆုံးကတော့ မြောက်ကိုရီးယားပါပဲ။
အဓိကအကြောင်းအရင်းကတော့ မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေမတိုင်ခင် နျူကလီးယားပိုင်ဆိုင်မှုမရှိခဲ့တဲ့ အီရန်လိုမဟုတ်ဘဲ မူလကတည်းက နျူကလီးယားလက်နက်တွေ၊ စနစ်ကျတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွနဲ့ ပြန်လည်တိုက်ခိုက်နိုင်စွမ်းတွ ရှိနေတာဖြစ်ပြီး သူတို့အပေါ် ဘယ်လိုတိုက်ခိုက်မှုမျိုးကမဆို နျူကလီးယားစစ်ပွဲဖြစ်နိုင်ခြေကို သိသိသာသာ တိုးမြင့်သွားစေနိုင်ပါတယ်။ အာဏာပြန်ရပြီးနောက်ပိုင်းမှာ ထရမ့်ပ်က မြောက်ကိုရီးယားကို နျူကလီးယားပါဝါနိုင်ငံ ဒါမှမဟုတ် နျူကလီးယားနိုင်ငံကြီးလို့ အကြိမ်ကြိမ် ရည်ညွှန်းခဲ့ပြီး ကိုရီးယားကျွန်းဆွယ်ကအခြေအနေဟာ အီရန်နဲ့လုံးဝ ကွဲပြားတယ်ဆိုတာ အသိအမှတ်ပြုခဲ့သလို အဲဒီဒေသမှာ နျူကလီးယားဖျက်သိမ်းရေးလုပ်ရတာဟာ အများကြီးပိုခက်ခဲမယ်ဆိုတဲ့ အခြေအနေကို ထုတ်ဖော်ခဲ့ပါတယ်။
နောက်ထပ်ပြဿနာတခုက အမေရိကန်ရဲ့ အီရန်နျူကလီးယားဆိုက်တွေအပေါ် တိုက်ခိုက်မှုဟာ အမေရိကန်ရဲ့ ကျူးကျော်မှု ဒါမှမဟုတ် တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားမှဖြစ်မယ်ဆိုတဲ့ ပြုံယမ်းအစိုးရရဲ့ ရေရှည်ခံယူချက်ကို ပိုပြီးခိုင်မာလာအောင် တွန်းပို့လိုက်လို့ပါပဲ။ ဒီခံယူချက်ဟာ ၂၀၁၁ ခုနှစ်မှာ အာဏာရလာတဲ့ ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ၁၉၉၄ ခုနှစ်ကနေ ကွယ်လွန်ချိန် ၂၀၁၁ ခုနှစ်အထိ နိုင်ငံကို အုပ်စိုးခဲ့တဲ့ သူ့ရဲ့ဖခင်ဖြစ်သူ ခေါင်းဆောင် ကင်မ်ဂျုံအီးတို့ရဲ့ အုပ်ချုပ်မှု သက်တမ်းတလျှောက်လုံးမှာ ရှိနေခဲ့တဲ့ ခံယူချက်ဖြစ်ပါတယ်။
ဥပမာအားဖြင့် ၂၀၀၃ ခုနှစ်က ဆက်ဒန်ဟူစိန်ရဲ့ ဖျက်အားပြင်းလက်နက်တွေ ထုတ်လုပ်မှုအပေါ် သံသယနဲ့အတူ အမေရိကန်ရဲ့ အီရတ်နိုင်ငံအပေါ် ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ၂၀၀၆ ခုနှစ်က ကျင်းပတဲ့ ခြောက်နိုင်ငံတွေ့ဆုံပွဲမှာ မြောက်ကိုရီးယားကိုယ်စားလှယ်တွေက အမေရိကန်ဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ အီရတ်သာဆိုရင် ဘယ်တော့မှ တိုက်ခိုက်မှာမဟုတ်ဘူးလို့ ငြင်းခုန်ခဲ့ကြပါတယ်။ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာလည်း မြောက်ကိုရီးယားဘက်က အာဖဂန်နစ္စတန်အပေါ် နျူကလီးယားလက်နက်ပိုင်ဆိုင်မှုရှိခဲ့ရင်ဆိုတာမျိုး အလားတူ ပြောဆိုခဲ့ပါသေးတယ်။
လစ်ဗျားနိုင်ငံမှာ ၂၀၁၁ ခုနှစ်က အာဏာရှင် ကဒါဖီ ပြုတ်ကျသွားပြီးနောက်ပိုင်းမှာ ပြုံယမ်းအစိုးရအနေနဲ့ အီရတ်နိုင်ငံက ဆက်ဒန်ဟူစိန်အစိုးရရော လစ်ဗျားနိုင်ငံက ကဒါဖီအစိုးရရောဟာ သူတို့ရဲ့ နျူကလီးယား ဖွံ့ဖြိုးရေးအတွက် အရင်းအမြစ်တွေကို ဆုံးရှူံးလိုက်ရတာနဲ့ နျူကလီးယားလက်နက်စီမံကိန်းတွေကို သူတို့ဘာသာ လက်လျှော့ခဲ့မှုရဲ့ နောက်ဆက်တွဲအဖြစ် ဖျက်ဆီးချေမှုန်းခြင်း ခံလိုက်ရတာလို့ ညွှန်းဆိုခဲ့ပြီး မြောက်ကိုရီးယားကို နျူကလီးယားလက်နက်စွန့်လွှတ်ဖို့ တောင်းဆိုတာဟာ ကောင်းကင်ပြိုလာဖို့ ဆုတောင်းနေသလိုပဲ အဓိပ္ပာယ်မဲ့လွန်းတယ်လို့ ပြောဆိုခဲ့ပါတယ်။
မကြာသေးမီက ရုရှားရဲ့ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုဟာ မြောက်ကိုရီးယားထိပ်ပိုင်း အစိုးရအရာရှိတဦးကို မြောက်ကိုရီးယားမှာ ပြုံယမ်းအစိုးရအနေနဲ့ ဘယ်တော့မှ နျူကလီးယားလက်နက်ကို စွန့်လွှတ်လို့မရဘူးလို့ ပြောကြတဲ့ ပါတီဝင်အရေအတွက် များသထက်များလာတယ်လို့ လျှို့ဝှက် မှတ်ချက်ချစေခဲ့ပါတယ်။ ဒီမှတ်ချက်ဟာ ၁၉၉၄ ခုနှစ်က ဘူဒါပတ်စ်မှာ ချုပ်ဆိုခဲ့ရတဲ့စာချုပ်ကို ရည်ရွယ်တာဖြစ်ပြီး ဒီစာချုပ်မှာ ကိရပ်ဗ် အစိုးရဟာ လုံခြုံရေးအာမခံချက်တွေနဲ့လဲလှယ်ပြီး ယူကရိန်းနယ်မြေအတွင်း ဖြန့်ကြက်ထားတဲ့ ဆိုဗီယက်ယူနီယံလက်ကျန် နျူကလီးယားလက်နက်တွေကို ဖယ်ရှားပေးဖို့ အမေရိကန်၊ ယူကေ၊ ရုရှားနိုင်ငံတို့နဲ့ သဘောတူညီခဲ့ရပါတယ်။
မြောက်ကိုရီးယားအနေနဲ့ အီရန်နဲ့ ထပ်ပြီး ကွဲပြားခြားသွားတဲ့အချက်က အနာဂတ်မှာ အလားအလာရှိတဲ့ ပိတ်ပင်တားဆီးမှုတွေအတွက် မှီခိုအားထားရမယ့် မိတ်ဘက်နိုင်ငံတွေ ရှိနေတာပဲဖြစ်ပါတယ်။ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ ၁၂ ရက်ကြာ စစ်ပွဲအတွင်းမှာ တီဟီရန်ကို ကာကွယ်ဖို့အတွက် အီရန်နဲ့အတူ "အုံကြွမှုဝင်ရိုးနိုင်ငံတွေ" အဖြစ် ပါဝင်သတ်မှတ်ခံထားရတဲ့ တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့ထဲက ဘယ်နိုင်ငံမှ ရောက်မလာခဲ့ပေမဲ့လည်း မြောက်ကိုရီးယားသာဆိုရင်တော့ အနည်းဆုံးအနေနဲ့ တရုတ်ဆီက အကူအညီ ရနိုင်ခြေရှိပါသေးတယ်။ ပေကျင်းအစိုးရနဲ့ ပြုံယမ်းအစိုးရဟာ ၁၉၆၁ ခုနှစ်ကတည်းက အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ လုံခြုံရေးအရ မဟာမိတ်တွေအဖြစ် ရပ်တည်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ နှစ်နိုင်ငံကြား ချုပ်ဆိုထားတဲ့ အနှစ် ၂၀ သက်တမ်းရှိတဲ့ စာချုပ်ကို ၂၀၂၁ ခုနှစ်ကတင်ပဲ သက်တမ်းတိုးထားခဲ့တာဖြစ်ပါတယ်။ ပြုံယမ်းအစိုးရအတွက် နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ တရုတ်လိုနိုင်ငံဆီက လုံခြုံရေးအာမခံချက်ရရှိထားတာဟာ သူတို့ရဲ့ မဟာဗျူဟာမြောက်တွက်ချက်မှုတွေမှာ အရေးမပါတဲ့အချက် မဟုတ်တာတော့ သေချာပါတယ်။
လုံခြုံရေးဆိုင်ရာ ကတိကဝတ်တွေ ရှင်းရှင်းလင်းလင်း ချပြထားတာမရှိပေမဲ့လည်း ဒီဘက်နှစ်တွေအတွင်းမှာ မြောက်ကိုရီးယားနဲ့ ရုရှားရဲ့ ဆက်ဆံရေးဟာ ကရင်မလင်အစိုးရရဲ့ ယူကရိန်းစစ်ပွဲကြောင့် ပြန်လည်အားကောင်းလာတာကို တွေ့ရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ တိုးတက်လာတဲ့ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အသုံးချပြီး ကျနော် မကြာသေးမီကပြောခဲ့သလိုပဲ ဗျူဟာမြောက်အပေးအယူတခုကို ရှေ့ရောက်စေခဲ့ပါတယ်။ ကင်ဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ အလားအလာရှိတဲ့ နျူကလီးယားစီမံကိန်းတွေအပေါ် ရုရှားရဲ့ အကူအညီတွေအတွက် အပြန်အလှန်အားဖြင့် ယူကရိန်းကို စစ်တိုက်ဖို့အတွက် လက်နက်ခဲယမ်းထောက်ပံ့မှုတွေနဲ့အတူ မိမိတပ်ဖွဲ့ဝင်တွေကို မော်စကိုကို စေလွှတ်ဖို့ပါ သဘောတူညီခဲ့တာမြင်သာပါတယ်။ ဒါပေမဲ့ ဒီဆက်ဆံရေးဟာလည်း အကန့်အသတ်တွေ ရှိနေဆဲဖြစ်ပြီး အနာဂတ်မှာ အမေရိကန်အနေနဲ့ မြောက်ကိုရီးယား နျူကလီးယားဆိုက်တွေကို တိုက်ခိုက်မှု လုပ်မလုပ်ဆိုတာနဲ့ ပတ်သက်လို့တော့ အဓိကအရေးပါတဲ့ အချက်ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအခြေအနေဟာ ရုရှားလို နျူကလီးယားအင်အားကြီး နိုင်ငံတနိုင်ငံအနေနဲ့ မြောက်ကိုရီးယား-အမေရိကန် ပဋိပက္ခကြားမှာ ပါဝင်လာနိုင်ခြေကိုတော့ မြင့်တက်လာစေပြီး ဖြစ်နိုင်ခြေဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကထက်တော့ ပိုမိုမြင့်မားလာပါတယ်။
မြောက်ကိုရီးယားနိုင်ငံအပေါ် ထရမ့်ပ်အစိုးရအနေနဲ့ ဘယ်လိုမြင်သလဲဆိုတာကလည်း သူတို့အတွက် အပြုသဘောဆောင်တဲ့ အချက်တခုပါပဲ။ ထရမ့်ပ်ဟာ သူ့ရဲ့ ပထမသက်တမ်းဖြစ်တဲ့ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်အတွင်း မြောက်ကိုရီးယားခေါင်းဆေင် ကင်မ်ဂျုံအန်းနဲ့ တိုက်ရိုက် ဆက်ဆံခဲ့ပြီး နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် မြောက်ကိုရီးယားခေါင်းဆောင်နဲ့ သုံးကြိမ်တိုင်တိုင် သီးခြားဆွေးနွေးညှိနှိုင်းနိုင်ခဲ့တဲ့ ပထမဆုံးသမ္မတဖြစ်လာခဲ့ပါတယ်။ ထရမ့်ပ်ဟာ ဒုတိယသက်တမ်းမှာလည်း အလားတူ ထပ်မံဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့လက ကင်မ်ဂျုံအန်းနဲ့ ပတ်သက်လို့ မေးမြန်းခံခဲ့ရရာမှာတော့ “ကျနော်ဟာ ကင်မ်ဂျုံအန်းနဲ့ ဆက်ဆံရေး ကောင်းကောင်းရှိထားခဲ့တာမို့ တကယ့်ကို အဆင်ပြေပါတယ်။ ဒါကြောင့် ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်ရအောင်” လို့ ထရမ့်ပ်က ဖြေကြားခဲ့ပါတယ်။ ထရမ့်ပ်ဟာ ကင်မ်ဂျုံအန်းနဲ့ပြန်လည်ဆက်သွယ်ဖို့ စာတစောင် ပို့ခဲ့တယ်လို့ သိရပေမဲ့လည်း မြောက်ကိုရီးယားအစိုးရက အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။
မည်သို့ပင်ဆိုစေကာမူ ထရမ့်ပ်ဟာ မြောက်ကိုရီးယားကို စစ်ရေးအရ ချက်ချင်းတုံ့ပြန်ဖို့လိုအပ်တဲ့ ပြဿနာတခုထက် သံတမန်ရေးရာအရသာ ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာတခုအဖြစ် ရှင်းရှင်းလင်းလင်း မြင်ပါတယ်။ ထရမ့်ပ်ဟာ အီရန်ကို ဗုံးမကြဲမီ သံတမန်ရေးအရ ကြိုးစားခဲ့တာတွေ ရှိပေမဲ့လည်း တီဟီရန်မှာ နျူကလီးယားလက်နက် မပိုင်ဆိုင်ရေးအတွက် စစ်ရေးအရ အင်အားသုံးဖို့ အစီအစဉ်ရှိတာကတော့ သေချာပြီးသား ဖြစ်နေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကစလို့ ထရမ့်ပ်ဟာ သူ့ရဲ့အမျိုးသားလုံခြုံရေးကောင်စီနဲ့ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်လို့ စစ်ရေးကိစ္စတွေကို လူသိရှင်ကြား ထုတ်ဖော်ဆွေးနွေးတာမျိုး မရှိခဲ့တာကြောင့် အခုလို သံတမန်ရေးအရ ကစားနေတဲ့အချိန်မှာ မြောက်ကိုရီးယားအနေနဲ့တော့ သက်သာရာရဖွယ်ရှိနေ ပါတယ်။
နောက်ဆုံးအနေနဲ့ ကင်မ်ဟာ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ထိုးနှက်မှုတွေကို ရှောင်ရှားဖို့အတွက် မြောက်ကိုရီးယားရဲ့အာဏာကို ဘယ်လို ကိုင်တွယ် အသုံးချမလဲ ဆိုတဲ့နေရာမှာတော့ ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်တဲ့ အမြော်အမြင်ကောင်းကောင်း ရှိပါတယ်။ ဒုံးကျည်ပစ်လွှတ်တာတွေ၊ ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်တာတွေ၊ လုပ်ကြံသတ်ဖြတ်တာတွေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပြီးဆုံးတဲ့ သင်္ကေတအနေနဲ့ ကီဆောင်းစက်မှုဇုန်မှာရှိတဲ့ မြောက်ပိုင်း ဆက်ဆံရေးရုံးကို ဖျက်ဆီးခဲ့တာတွေလို အဓိကပစ်မှတ်တွေကို စစ်ရေးအရ တိုက်ခိုက်တာတွေမှာတောင် ကင်မ်ဟာ အမြဲတမ်း ဂရုတစိုက် ချိန်သားကိုက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီလို ပြင်ဆင်မှုရှိရှိ ချိန်သားကိုက်လုပ်ဆောင်မှုတွေကပဲ သူတို့အပေါ် အမေရိကန်ရဲ့ အမှတ်တမဲ့ တိုက်ခိုက်နိုင်ခြေတွေကို လျော့နည်းစေခဲ့တာဖြစ်ပါတယ်။
သေချာတာကတော့ မြောက်ကိုရီးယားအနေနဲ့ အီရန်လိုကံကြမ္မာမျိုး ကြုံတွေ့ရမှာမဟုတ်ဘူးလို့ ယုံကြည်နိုင်ခြေရှိတဲ့ အကြောင်းအရင်းကောင်းတွေ များစွာရှိနေပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေထဲက အများစုကတော့ လာမယ့်နှစ်တွေမှာ ကင်မ်နဲ့ သူ့အစိုးရအဖွဲ့ ဘယ်လိုပြုမူ ဆောင်ရွက်မယ်ဆိုတဲ့အပေါ်မှာမူတည်နေပါသေးတယ်။ ဥပမာအနေနဲ့ တောင်ကိုရီးယား ဒါမှမဟုတ် ဂျပန်ကို စစ်ရေးအရ တိုက်ရိုက်တိုက်ခိုက်တာမျိုးဆိုရင်တော့ ဝါရှင်တန်အတွက် သေချာပေါက် သည်းမခံနိုင်တဲ့ကိစ္စ ဖြစ်သွားမှာပါပဲ။ မြောက်ကိုရီးယားရဲ့ နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲတွေမှာ ဆက်လက်နှောင့်နှေးနေတာနဲ့ ပရိယာယ်တွေဟာ ပြုံးယမ်းနဲ့ ဝါရှင်တန် စစ်ဖြစ်လုနီးပါးဖြစ်ခဲ့တဲ့ ၂၀၁၇ ခုနှစ်လို အကျပ်အတည်းမျိုးကို ပြန်ကြုံလာရစေနိုင်ပါတယ်။ မြောက်ကိုရီးယားနဲ့တရုတ် ဒါမှမဟုတ် မြောက်ကိုရီးယားနဲ့ ရုရှားကြားက ဆက်ဆံရေးတွေ ပိုမိုဆိုးရွားသွားမယ်ဆိုရင်လည်း အမေရိကန်ရဲ့ သုံးသပ်ချက်တွေကို ပြောင်းလဲစေနိုင် ပါတယ်။
မည်သို့ပင်ဖြစ်စေ အခုအခါမှာတော့ မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားလက်နက်တွေကို အလိုအလျောက် စွန့်လွှတ်မှာမဟုတ်ကြောင်း သေချာနေပြီး သူတို့အပေါ် အမေရိကန်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုတွေဟာလည်း လိုချင်တဲ့ ရလဒ်ကို ရရှိဖို့တော့ မဖြစ်နိုင်သေးပါဘူး။
ဒဲရက်ဂရော့စ်မန်း
ဘာသာပြန် -သူရိန်သွေး
Ref: Nikkei Asia
( Nikkei Asia သတင်းစာပါ Derek Grossman ၏ "US strikes on Iranian nuclear sites won't faze North Korea" ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်။)
ဆောင်းပါးရှင် ဒဲရက်ဂရော့စ်မန်းသည် တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ်က နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခတဦးဖြစ်ပြီး Indo-Pacific Solutions, LLC ၏ တည်ထောင်သူနှင့် အဓိကလေ့လာသုံးသပ်သူလည်းဖြစ်သည်။ ယခင်က RAND တွင် တာဝန်ထမ်း ဆောင်ခဲ့ပြီး အာရှနှင့် ပစိဖိတ်လုံခြုံရေးဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာန လက်ထောက် အတွင်းရေးမှူးထံ နေ့စဉ်သတင်းအချက်အလက်တင်ပြသူအဖြစ်လည်း တာဝန်ထမ်းခဲ့သည်။)