
မြောက်ကိုရီးယားနိုင်ငံဟာ ဝါဒဖြန့် အသံချဲ့စက်တွေကို လုံးဝဖြုတ်ချမှာမဟုတ်ကြောင်း ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ အာဏာကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံက ဩဂုတ် ၁၄ ရက်မှာ ပြောဆိုလိုက်ပြီး တောင်ကိုရီးယားဟာ သူ့ရဲ့ ငြိမ်းချမ်းရေးဆန်ဆန် အစီအစဉ်ကို ပြုံယမ်းက တုံ့ပြန်လာလိမ့်မယ်လို့ ယုံကြည်ချက်ဟာ လုံးဝမဖြစ်နိုင်တဲ့ နေ့ခင်းအိပ်မက် ဂယောက်ဂယက်သာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ နှစ်စဉ် ပူးပေါင်းစစ်ရေးလေ့ကျင့်မှု အစီအစဉ်မှာ ပြင်ဆင်မှုတခု လုပ်ထားတာဟာ မထိရောက်တဲ့လှုပ်ရှားမှုဖြစ်ပြီး မဟာမိတ်တွေရဲ့ ရန်လိုတဲ့ ရည်ရွယ်ချက်ကိုလည်း မပြောင်းလဲစေနိုင်ဘူးလို့ မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီမှ ထိပ်တန်းအရာရှိ တယောက်ဖြစ်တဲ့ ကင်မ်ယိုးဂျုံက ပြောလိုက်ပါတယ်။
တာဝန်ရှိသူတွေနဲ့ လေ့လာသုံးသပ်သူတွေကတော့ အစ်ကိုဖြစ်သူ ကင်မ်ဂျုံအန်း ကိုယ်စား ပြောနေတာလို့ ယူဆကြပါတယ်။
လတ်တလော သီတင်းပတ်တွေအတွင်းမှာလည်း ကင်မ်ယိုးဂျုံဟာ ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုကို ဖြေလျှော့ဖို့ ရည်ရွယ်တဲ့ တောင်ကိုရီးယား လစ်ဘရယ်အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေကို ငြင်းဆန်ခဲ့ပါတယ်။
“မြောက်ကိုရီးယားအပေါ် ဆိုးလ်ရဲ့မူဝါဒက မပြောင်းလဲဘဲ ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးလို့ ယုံကြည်ပါတယ်” လို့ ကင်မ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး KCNA သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားဟာ မြောက်ကိုရီးယားဘက်ကို အသံလွှင့်တဲ့ ဝါဒဖြန့် အသံချဲ့စက်တွေကို ဖြုတ်ချခဲ့အပြီးမှာ မြောက်ကိုရီးယားဘက်မှာလည်း အလားတူ တောင်ဘက်ကို ဝါဒဖြန့်တဲ့ အသံချဲ့စက်တချို့ကို ဖျက်သိမ်းဖို့ စစ်တပ်လှုပ်ရှားမှုကို တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောခဲ့တာဖြစ်ပါတယ်။
ဆိုးလ်ရဲ့ ပူးတွဲစစ်ဦးစီးချုပ်ရုံးကတော့ နယ်စပ်ရဲ့ တချို့နေရာတွေမှာ စောင့်ကြည့်တွေ့ရှိခဲ့တဲ့ လှုပ်ရှားမှုတွေကို အကဲဖြတ်ထားတဲ့အတိုင်း စွဲကိုင်ထားပြီး အခြေအနေကို ဆက်လက်စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပါတယ်။
Source: Reuters