မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ ကိုရီးယားအစိုးရက အလေးထားဆောင်ရွက်ပေးဖို့ စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ တောင်းဆိုစာကို မြန်မာ့နွေဦးတော်လှန်ရေးအဖွဲ့တွေနဲ့ ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းကာ ၃၇ နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်နေ့ ဩဂုတ် ၈ ရက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်၊
တောင်ကိုရီးယားသမ္မတရုံးသို့ ပေးပို့ခဲ့တဲ့ တောင်းဆိုစာမှာ စစ်အုပ်စုရဲ့ အသွင်ပြောင်း လုပ်ရပ်တွေက အလိမ်အညာသာ ဖြစ်ကြောင်း၊ စစ်အုပ်စုရွေးကောက်ပွဲကလည်း ဒီမိုကရေစီကို ဖော်ဆောင်ဖို့ မဟုတ်ဘဲ စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် လှည့်စားခြင်းသာ ဖြစ်ကြောင်းနဲ့ တခြားသော အချက်တွေအပါအဝင် အာဏာသိမ်း စစ်အုပ်စုနဲ့ မပတ်သက်ဖို့တို့ကို အလေးထား တောင်းဆိုကြောင်း ဖော်ပြပါရှိကြောင်း သိရပါတယ်၊
မနက်ပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံး ရုံးအဖွဲ့ဝင် ဦးဝင်းပေါ်မောင်က "ရှစ်လေးလုံး အရေးတော်ပုံဟာ မြန်မာ့ဒီမိုကရေစီရေးရဲ့ ကြီးမားတဲ့ အချိုးအကွေ့ကြီး ဖြစ်ပြီး၊ ယနေ့ နွေဦးတော်လှန်ရေးဟာ ရှစ်လေးလုံးရဲ့ နိဂုံးတိုက်ပွဲ ဖြစ်တယ်၊ ရှစ်လေးလုံး စိတ်ဓာတ်ဟာ မြန်မာပြည်မှာ ဘယ်သောအခါမှ ပျောက်ကွယ်သွားမှာမဟုတ်ဘူး" လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။