
တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးမှူးတွေဟာ သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးရဲ့ ဇနီးဖြစ်သူ သမ္မတကတော်ဟောင်း ဂင်မ်ဂွန်ဟီးကို အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ဖမ်းဆီးဖို့ သြဂုတ် ၇ ရက် မှာ ဝရမ်းတောင်းဆိုခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှု အရှိန်မြင့်လာတာကြောင့် အကျဉ်းကျခံနေရတဲ့ သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးနဲ့အတူ ထောင်ချခံရနိုင်တဲ့ ဖြစ်နိုင်ခြေလည်း များနေပါတယ်။
သူတို့ဇနီးမောင်နှံကို သီးခြားခန့်အပ်ထားတဲ့ အထူးရှေ့နေနှစ်ယောက်က စုံစမ်းစစ်ဆေး မေးမြန်းနေတာပါ။
အထူးရှေ့နေအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်နေတဲ့ အစိုးရရှေ့နေ အိုဂျောင်းဟီက ဂင်မ်ဂွန်ဟီး အပေါ် စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး တရားရုံးဝရမ်း တောင်းဆိုမှုထဲမှာ ဖော်ပြထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ၃ ခုကို ဖော်ပြခဲ့ပေမဲ့ စွဲချက်အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။ ဂင်မ်ဂွန်ဟီးရဲ့ ရှေ့နေတွေကလည်း သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ဂင်မ်ဂွန်ဟီးကို စတော့ရှယ်ယာ လိမ်လည်မှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ တရားမဝင် သြဇာလွှမ်းမိုးမှုတို့ အပါအဝင် စွဲချက်တွေနဲ့ အထူးအစိုးရရှေ့နေရဲ့ ရုံးခန်းမှာ သြဂုတ် ၆ ရက်မှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဂင်မ်ဂွန်ဟီးဟာ စိတ်ပူအောင် လုပ်မိတဲ့အတွက် တောင်းပန်သွားပေမဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခြင်း မရှိခဲ့ပါဘူး။
Source: Reuters