
ပိုလန်နိုင်ငံဟာ သူ့နိုင်ငံရဲ့ တိုက်ခိုက်ရေးတင့်ကားတွေကို ထောက်ပံ့ပေးဖို့အတွက် တောင်ကိုရီးယားရဲ့ စက်မှုနဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးဟျွန်ဒိုင်းရိုတမ်ကုမ္ပဏီနဲ့ ဒေါ်လာဘီလီယံပေါင်း များစွာတန်ဖိုးရှိတဲ့ ဒုတိယမြောက် သဘောတူညီချက်ကို ဩဂုတ် ၁ ရက်မှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။
တင့်ကားအစီးရေ ၁၈၀ ဝယ်ယူမယ့် နောက်ဆုံးသဘောတူညီချက်ဟာ လအတော်ကြာ ဆွေးနွေးပြီးနောက် ထွက်ပေါ်လာတာဖြစ်ပြီး ဒါဟာ တောင်ကိုးရီးယားကုမ္ပဏီနဲ့ ပိုလန်ရဲ့ ဒုတိယမြောက် အကြီးစား သဘောတူညီချက် ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်တုန်းက ပထမအသုတ် K2 တင့်ကားအစီးရေ ၁၈၀ ရဲ့ ဝယ်ယူဖို့ သဘောတူညီခဲ့တာပါ။ ဒါပေမဲ့ သဘောတူညီချက်အသစ်အရ ထုတ်လုပ်မှုလုပ်ငန်းတွေ အများစုကို ပိုလန်အတွင်းမှာ ထုတ်လုပ်မှာဖြစ်ပြီး ပိုလန်က ကိုယ်ပိုင်ကာကွယ်ရေးစက်မှုလုပ်ငန်းကို တိုးချဲ့ဖို့ ကြိုးပမ်းနေချိန်လည်း ဖြစ်ပါတယ်။
နောက်ဆုံးအမှာစာအရ တင့်ကား ၆၁ စင်းကို ပိုလန်တောင်ပိုင်း ဂလီးဝီဆာမြို့ရှိ ဘူးမာ-လာဘက်ဒ်နီ ကုမ္ပဏီရဲ့ စက်ရုံမှာ ထုတ်လုပ်မှာဖြစ်ကြောင်း ပိုလန်ကာကွယ်ရေး ဝန်ကြီးဌာနက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
ပိုလန်ဟာ ဒီသဘောတူစာချုပ်ကြောင့် တင့်ကားတွေ ထုတ်လုပ်နိုင်စွမ်းကို ရရှိခဲ့ပြီး အမှုဆောင်စာချုပ်ထဲမှာ ဒီနေ့ မှာယူထားတဲ့ တင့်ကား ၁၈၀ ထဲက ၆၄ စင်းဟာ ပိုလန်နဲ့ လိုက်ဖက်မှုရှိတဲ့ ဗားရှင်းဖြစ်လိမ့်မယ် လို့ ကာကွယ်ရေးဝန်ကြီး၊ ဝါ့ဒစ်ဇ်ဝါ့ ကိုစီးညက် ကာမစ်ဇ် က ပြောပါတယ်။
ပိုလန်ကို တင့်ကားတွေ ပထမဆုံး ပို့ဆောင်မှုကို လာမယ့်နှစ်မှာ စီစဉ်ထားပြီး ပိုလန်ထုတ်လုပ်မှုကိုတော့ ၂၀၂၈- ၂၀၃၀ မှာ စီစဉ်ထားပါတယ်။
လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်ထဲမှာ ထောက်ပံ့ရေးယာဉ်တွေ ပေးပို့ခြင်းနဲ့ လေ့ကျင့်ရေး၊ ဝန်ဆောင်မှုနဲ့ ပြုပြင်ရေး ပက်ကေ့ချ်တွေလည်း ပါဝင်ပါတယ်။
စာချုပ်သစ်အတွက် တန်ဖိုးကို မပေးထားပေမဲ့ ဇူလိုင်လအစောပိုင်းတုန်းက စည်းကမ်းနဲ့ထိန်းချုပ်ရေး လုပ်ငန်းစဉ် စာတမ်းတင်သွင်းမှုအရ ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ တန်ကြေးရှိကြောင်း ဟျွန်ဒိုင်းရိုတမ်က ပြောပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ပိုလန်နဲ့ နေတိုး မဟာမိတ်နိုင်ငံတွေက သူတို့ရဲ့ ကာကွယ်ရေးကို မြှင့်တင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ ပိုလန်က အခုလို တင်ကားတွေအားဖြည့်ဖို့ လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။
ယူကရိန်း၊ ရုရှားနဲ့ ဘီလာရုစ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပိုလန်နိုင်ငံဟာ ၂၀၂၅ မှာ သူ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို မြှင့်တင်ဖို့အတွက် ပြည်တွင်းစုစုပေါင်းထုတ်ကုန်ရဲ့ ၄ ဒသမ ၇ ရာခိုင်နှုန်းကို ခွဲဝေပေးခဲ့ပြီး ၂၀၂၆ ခုနှစ်မှာ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမယ် လို့လည်း ကတိပြုထားပါတယ်။
Source: Reuters