
တောင်ကိုရီးယား သွင်းကုန်တွေကို အမေရိကန်က စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်းပဲ ကောက်ခံသွားဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာပါတယ်။
အမေရိကန်စည်းကြပ်ခွန်တွေ စတင်သက်ဝင်မယ့် ဩဂုတ် ၁ ရက် မတိုင်မီ နိုင်ငံအသီးသီးနဲ့ ညှိနှိုင်းခဲ့တာဖြစ်ပြီး မူလက တောင်ကိုရီးယားကို ၂၅ ရာခိုင်နှုန်း ကောက်မယ်လို့ လျာထားခဲ့တာ ဖြစ်ပါတယ်။
ကားနဲ့ စက်မှုလုပ်ငန်းနယ်ပယ်မှာ အဓိကပြိုင်ဘက်လို့ ဆိုနိုင်တဲ့ ဂျပန်ကို ၁၅ ရာခိုင်နှုန်းပဲ ကောက်မယ်လို့ အခုလအစောပိုင်း အမေရိကန်က သဘောတူခဲ့အပြီးမှာ တောင်ကိုရီးယား အနေနဲ့လည်း အလားတူနှုန်းထားရဖို့ ကြိုးပမ်းခဲ့ရတာဖြစ်ပါတယ်။
သဘောတူညီချက်အရ တောင်ကိုရီးယားဟာ အမေရိကန်မှာ ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၅၆ ဘီလီယံအထိ တောင်ကိုရီးယားနဲ့ ကုန်သွယ်ရေးလိုငွေပြခဲ့တဲ့ အမေရိကန်အတွက် အောင်ပွဲခံစရာ ဖြစ်ခဲ့ပါတယ်။
၁၅ ရာခိုင်နှုန်း စည်းကြပ်ခွန်ဟာ တောင်ကိုရီးယားရဲ့ အမေရိကန်ကို အဓိကပို့ကုန်ဖြစ်တဲ့ ကားနဲ့ semiconductor ပစ္စည်းတွေအတွက်ပဲ ဖြစ်ပါတယ်။
သံမဏိနဲ့ အလူမီနီယံအပေါ်မှာတော့ တကမ္ဘာလုံးအပေါ် ထရမ့်ပ် သတ်မှတ်ထားတာနဲ့ အလားတူ ၅၀ ရာခိုင်နှုန်း ကောက်မှာဖြစ်ပါတယ်။
Source: Reuters