
တောင်ကိုရီးယား လစ်ဘရယ်သမ္မတသစ် တက်လာပြီးတဲ့နောက် ဆက်ဆံရေး ပြန်ထူထောင်ဖို့ အဆိုပြုကမ်းလှမ်းတာတွေကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံက ပယ်ချလိုက်ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်ဖြစ်မှုအပေါ်မှာ မျက်ကန်းယုံကြည်မှုရှိတဲ့အချက်နဲ့ မြောက်ကိုရီးယား အပေါ်မှာ ရန်လိုတဲ့ အချက်တွေဟာ အရင် ကွန်ဆာဗေးတစ်သမ္မတ လက်ထက်နဲ့ ဘာမှ မထူးဘူးလို့လည်း မှတ်ချက်ချခဲ့ပါတယ်။
ကင်မ်ယိုးဂျုံဟာ ကိုရီးယားအလုပ်သမားပါတီ ပေါ်လစ်ဗျူရို အလှည့်ကျအဖွဲ့ဝင်၊ ပြည်သူ့ရေးရာနဲ့ သတင်းအချက်အလက်ဌာန ဒုညွှန်မှူးဖြစ်သလို မြောက်ကိုရီးယား နိုင်ငံတော်ရေးရာကော်မရှင် အဖွဲ့ဝင် ဖြစ်ပါတယ်။
ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေတဲ့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယား၊ အမေရိကန်တို့နဲ့ သံတမန်ရေးပြန်စဖို့ မလိုအပ်ဘူး ဆိုတာကို အတိအလင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။
“ဆိုးလ်မှာ ဘယ်လိုမူဝါဒတွေချချ၊ ဘယ်လိုအဆိုပြုချက်တွေလုပ်လုပ်၊ အရေးမပါပါဘူး။ အဲဒါတွေကို ကျမတို့ စိတ်မဝင်စားသလို တွေ့ဆုံဖို့ ဆွေးနွေးဖို့ အကြောင်းမရှိပါဘူး” လို့ ကင်မ်ယိုးဂျုံက ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ တောင်ကိုရီးယားသမ္မတသစ်ရဲ့ ဆက်ဆံရေးတိုးတက်ဖို့ ရိုးသားတဲ့ အားထုတ်မှုတွေလို့ မှတ်ချက်ချခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတသစ် အီဂျယ်မြောင်က မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေ ပြန်စလိုကြောင်း၊ ဆိုးရွားနေတဲ့ ဆက်ဆံရေး ပြန်လည်ပြုပြင်လိုကြောင်း ပြောထားပါတယ်။
မြောက်ကိုရီးယားဘက်ကို မျက်နှာမူထားတဲ့ ဧရာမ အသံချဲ့စက်တွေနဲ့ ထုတ်လွှင့်တာတွေကို တောင်ကိုရီးယား အစိုးရသစ်လက်ထက်မှာ ရပ်တန့်ပေးခဲ့ပါတယ်။
ဒါ့အပြင် မိုးပျံပူဖောင်းတွေနဲ့ ဝါဒဖြန့်စာရွက်တွေ မြောက်ကိုရီးယားဘက်မှာ ကြဲချတဲ့ တက်ကြွလှုပ်ရှားသူတွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ပထမသက်တမ်း ၂၀၁၉ ခုနှစ်တုန်းက တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခြေအနေ မတိုးတက်ခဲ့ပါဘူး။
အဲဒီနောက်ပိုင်း မြောက်ကိုရီးယားဟာ ပိုအားကောင်းတဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးပဲ အာရုံစိုက်ခဲ့ပြီး ကိုရီးယားပေါင်းစည်းရေး မျှော်မှန်းချက်ကိုပါ စွန့်လွှတ်ကြောင်း ကြေညာခဲ့ပါတယ်။
Source: Reuters