
တောင်ကိုရီးယားနိုင်ငံက နိုင်ငံခြားသားလုပ်သား ခေါ်ယူတဲ့ အရေအတွက်မှာ မြန်မာလုပ်သားတွေက အဆင့် ၅ မှာ ရှိနေတယ်လို့ အဲဒီနိုင်ငံရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာအပါအဝင် နိုင်ငံ ၁၆ နိုင်ငံက အလုပ်သမားတွေကို နှစ်နိုင်ငံ သဘောတူချက်နဲ့ ခေါ်ယူနေတာ ဖြစ်ပါတယ်။
အဲဒီလိုခေါ်ယူရာမှာ ဒီနှစ် ဇွန်လအထိ E-9 နဲ့ E-7 ဗီဇာနဲ့ တရားဝင်နေထိုင်လုပ်ကိုင်နေတဲ့ နိုင်ငံအလိုက် လုပ်သားဦးရေအရ နီပေါလုပ်သားတွေက အများဆုံးဖြစ်ပြီး မြန်မာက လုပ်သား ၃၅,၀၀၀ ကျော်နဲ့ အဆင့် ၅ မှာရှိနေကာ မြန်မာအထက်မှာ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့က အစဥ်လိုက် ရပ်တည်နေတာ ဖြစ်ပါတယ်။
မြန်မာရဲ့အောက်မှာ အရှေ့တောင်အာရှနိုင်ငံတွေထဲက ထိုင်း အဆင့် ၆၊ ဖိလစ်ပိုင် အဆင့် ၇၊ တီမော အဆင့် ၁၂ နဲ့ လာအိုလုပ်သားတွေက အဆင့် ၁၄ တို့မှာ ရှိနေပါတယ်။
တောင်ကိုရီးယားရောက် မြန်မာလုပ်သားတယောက်က “မြန်မာလုပ်သားတွေက သင်လွယ် တတ်လွယ်လို့ အခုထိတော့ ကိုရီးယားလုပ်ငန်းရှင်တွေ မျက်စိကျတဲ့အထဲ ပါနေသေးတယ်။ နိုင်ငံရေးအခြေအနေကို စာနာလို့ ခေါ်တာမျိုးလည်းရှိတယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ မြန်မာလုပ်သားတချို့ရဲ့ စည်းကမ်းပျက်တာ၊ အလုပ်ကို အတည်တကျ မလုပ်ချင်တာတွေကြောင့် လုပ်ငန်းရှင်တချို့က စိတ်ပျက်လာတာမျိုးတွေ ရှိနေတယ်လို့ အဲဒီနိုင်ငံရောက် မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံက မြန်မာပြည်သူတွေရဲ့ အာဏာရှင်ဆန့်ကျင်ရေးကို တဖက်တလမ်းကနေ အားပေးထောက်ခံနေတာရှိပြီး လုပ်သက်ပြည့် မြန်မာလုပ်သားတွေရဲ့ လုံခြုံရေးအတွက် ပြန်စရာမလိုဘဲ ဆက်လက်နေထိုင်လုပ်ကိုင်နိုင်မယ့် အထူးဗီဇာ G1-99 ကို လျှောက်ထားခွင့် ပေးထားပါတယ်။