
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဖုန်းခေါ်ဆိုခဲ့ပြီး မနှစ်ကချုပ်ဆိုခဲ့တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်အရ ၂ နိုင်ငံ ဆက်ဆံရေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆွေးနွေးခဲ့ကြတယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် ရုပ်မြင်သံကြား KRT က သြဂုတ် ၁၃ ရက်မှာ ဖော်ပြပါတယ်။
ခေါင်းဆောင် ၂ ယောက်တို့ဟာ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့အတွက် သူတို့ရဲ့ဆန္ဒကို အတည်ပြုခဲ့ကြောင်း KRT က ပြောကြားခဲ့ပါတယ်။
KRT ရဲ့ အဆိုအရ ယူကရိန်းနဲ့ စစ်ပွဲကာလအတွင်း ရုရှားနိုင်ငံ အနောက်ပိုင်းရှိ ကာ့စ်ခ်ဒေသ လွတ်မြောက်ရေးအတွက် မြောက်ကိုရီးယားရဲ့ အကူအညီကို ရုရှားသမ္မတပူတင်က ကျေးဇူးတင်ရှိကြောင်းနဲ့ ကိုရီးယား ပြည်သူ့တပ်မတော်ရဲ့ “ရဲရင့်မှု၊ သူရဲကောင်းဆန်မှုနဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်” ကို ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
KRT ရဲ့ ထုတ်လွှင့်မှုထဲမှာ အခုသီတင်းပတ်အတွင်း အလာစကာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ စီစဉ်ထားတဲ့ ပူတင်ရဲ့ ထိပ်သီးဆွေးနွေးပွဲကို မဖော်ပြခဲ့ဘဲ ကရင်မလင်ကတော့ သြဂုတ် ၁၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ ခေါ်ဆိုမှုအတွင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကို အကျဉ်းချုံး ပြောပြခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ယူကရိန်းနဲ့စစ်ပွဲအတွင်း ရုရှားနိုင်ငံအနောက်ပိုင်းမှာ ရုရှားရဲ့စစ်ဆင်ရေးကို ပံ့ပိုးဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော် စေလွှတ်ထားပြီး နောက်ထပ် တပ်ဖြန့်ဖို့ စီစဉ်နေတယ်လို့ ယူဆရကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးရဲ့ အကဲဖြတ်ချက်အရ သိရပါတယ်။
Source: Reuters