
အမေရိကန်-ရုရှား ထိပ်သီးဆွေးနွေးပွဲ မတိုင်မီမှာ ယူကရိန်းရဲ့ အခန်းကဏ္ဍ ချန်လှပ်မထားရေး သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ကြိုးပမ်းနေပြီး ဥရောပသမဂ္ဂ (EU) နဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) တို့ရဲ့ သံတမန်ရေးရာ ထောက်ခံမှုကိုလည်း ရရှိထားပါတယ်။
အမေရိကန်သမ္မတ ထရမ့်ပ်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ဟာ လာမယ့် သြဂုတ် ၁၅ ရက်မှာ အလာစကာမှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကနေ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို အဆုံးသတ်ဖို့ သူတို့နှစ်ယောက်တည်းနဲ့ အဖြေရှာသွားမှာကို စိုးရိမ်နေကြပါတယ်။
သမ္မတထရမ့်ပ်က ဇလန်းစကီး တက်ရောက်ဖို့ တံခါးဖွင့်ထားတယ်လို့ ဆိုပေမဲ့ ရုရှားဘက်ကတော့ ဇလန်းစကီးနဲ့ တွေ့ဆုံဖို့ အခြေအနေမပေးသေးဘူးလို့ ပြောထားတဲ့အတွက် ဆွေးနွေးပွဲဟာ နှစ်နိုင်ငံကြားပဲ ဖြစ်ဖို့ ရှိနေပါတယ်။
ဘယ်လိုသဘောတူညီချက်မျိုးမှာမဆို ယူကရိန်းနဲ့ EU ပါဝင်ရမယ်လို့ EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲက ပြောထားသလို ယူကရိန်းရဲ့ အနာဂတ်ကို ယူကရိန်းကိုယ်တိုင်ပဲ ဆုံးဖြတ်ခွင့် ရှိရမယ်လို့ NATO အတွင်းရေးမှူးချုပ်ကလည်း ပြောကြားခဲ့ပါတယ်။
နယ်မြေတချို့ကို အပြန်အလှန် လဲလှယ်တာမျိုး ပါဝင်နိုင်တယ်လို့ သမ္မတထရမ့်ပ်က အရိပ်အမြွက် ပြောထားပေမဲ့ ယူကရိန်းမပါဘဲလုပ်တဲ့ ဘယ်ဆုံးဖြတ်ချက်မဆို အရာမထင်ဘူးလို့ ဇလန်းစကီးက တုံ့ပြန်ထားပါတယ်။
ဒီဆွေးနွေးပွဲမှာ ရုရှားက ဒွန်းဘတ်စ်ဒေသတခုလုံးကို ယူပြီး ခရိုင်းမီးယားကို ဆက်သိမ်းထားဖို့ အချက်ကို အမေရိကန်ဘက်က လက်ခံလာနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။
ဒါပေမဲ့ ဥရောပခေါင်းဆောင်တွေကတော့ နိုင်ငံတကာနယ်နိမိတ်တွေကို အင်အားသုံးပြီး မပြောင်းလဲရဘူးလို့ တောင်းဆိုထားပြီး ယူကရိန်းကို ဆက်လက်ထောက်ခံသွားမယ်လို့ ဆိုပါတယ်။
အိမ်ဖြူတော်ကတော့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ပါဝင်တဲ့ သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲလုပ်ဖို့ ထရမ့်ပ်ဘက်က ဆန္ဒရှိပေမဲ့ အခုတကြိမ်မှာတော့ ရုရှားခေါင်းဆောင်ဘက်က တောင်းဆိုတဲ့အတိုင်း ထရမ့်ပ်-ပူတင် ထိပ်သီးဆွးနွေးပွဲပဲ ဖြစ်မယ်လို့ ထုတ်ပြန်ပါတယ်။