
အမေရိကန် ချစ်ပ်ပြားကုမ္ပဏီကြီး Intel ရဲ့ စီအီးအို လစ်-ဘုတန်ဟာ တရုတ်စစ်ဘက်နဲ့ ဆက်နွှယ်မှုတွေ ရှိနေတဲ့အတွက် ချက်ချင်းနုတ်ထွက်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်းဆိုလိုက်ပါတယ်။
လစ်-ဘုတန်ဟာ မလေးရှာမှာမွေး၊ စင်ကာပူမှာကြီးတဲ့ တရုတ်လူမျိုးဖြစ်ပြီး အမေရိကန်နိုင်ငံသား ခံယူထားသူ ဖြစ်ပါတယ်။
Intel CEO ဟာ တရုတ်စစ်တပ်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံထားတာကြောင့် အကျိုးစီးပွားပဋိပက္ခ ကြီးကြီးမားမား ရှိနေတယ်လို့ ထရမ့်ပ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ထွက်ပေးဖို့ကလွဲပြီး တခြားနည်း ရွေးချယ်စရာမရှိဘူးလို့ပါ မှတ်ချက်ချထားပါတယ်။
မကြာသေးမီကာလအတွင်း ပြိုင်ဘက်တွေနောက်မှာ ကျန်ခဲ့တဲ့ အမေရိကန် ချစ်ပ်ပြားလုပ်ငန်း နယ်ပယ် ရှေ့ဆောင်ကုမ္ပဏီကြီး Intel ရဲ့ စီအီးအိုအဖြစ် လစ်-ဘုတန်ကို ပြီးခဲ့တဲ့မတ်လကမှ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် တပိုင်းလျှပ်ကူးပစ္စည်း (semiconductor) ထုတ်လုပ်ရေးလုပ်ငန်း ပြန်လည်ထူထောင်ရေး ပံ့ပိုးမှုအဖြစ် Intel ကုမ္ပဏီဟာ အမေရိကန်အစိုးရထံကနေ ဒေါ်လာဘီလီယံချီ အထောက်အပံ့ ရရှိနေတာ ဖြစ်ပါတယ်။
စီအီးအို ဖယ်ရှားဖို့ ထရမ့်ပ်က တောင်းဆိုခဲ့အပြီး နေ့လယ်ပိုင်းမှာတင် Intel ရှယ်ယာတွေ ၃ ရာခိုင်နှုန်း စျေးကျသွားခဲ့ပါတယ်။
Source: Reuters