
ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ခြေရှိတဲ့ အမေရိကန်နဲ့ ရုရှားခေါင်းဆောင်တွေ အလာစကာမှာ တွေ့ဆုံမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေက ဗွီဒီယိုကွန်ဖရင့်ကို တနင်္လာနေ့မှာ ကျင်းပခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အလာစကာမှာ လာမယ့် သောကြာနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
၂၀၂၁ ခုနှစ်ကစလို့ နှစ်နိုင်ငံခေါင်းဆောင်တွေ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ EU ဗီဒီယိုကွန်ဖရင့်အပြီးမှာ ပူးတွဲကြေညာချက် မထုတ်ပြန်ခဲ့ပါဘူး။
EU နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကာဂျာ ကားလက်စ်က EU နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရေ ဆစ်ဘီဟာတို့ တွေ့ဆုံဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။
အဲဒီနေ့မှာပဲ ယူကရိန်းဘက်က သံတမန်ရေးရာ ကြိုးပမ်းချက်တွေနဲ့ စစ်မြေပြင် လက်ရှိ အခြေအနေတွေကို EU နိုင်ငံခြားရေးဝန်ကြီးတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ကျယ်ကျယ်ပြန့်ပြန့်နဲ့ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို ရုရှားက သဘောမတူရင် လိုက်လျောဖို့ မဆွေးနွေးသင့်ဘူးလို့ ကားလက်စ်က အလေးပေး ပြောကြားခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ ယူကရိန်းအရေးကို ဖြေရှင်းဖို့ ပါတီစုံ ဗီဒီယိုကွန်ဖရင့်ပုံစံနဲ့ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးမယ်လို့ ဂျာမန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။
ဗွန်ဒါလီယန်အပြင် ထရမ့်ပ်၊ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေကို ဗီဒီယိုကွန်ဖရင့်မှာ ပါဝင်ဆွေးနွေးဖို့ ဖိတ်ကြားမှာလည်း ဖြစ်ပါတယ်။
ဒီညီလာခံဟာ ထရမ့်ပ်နဲ့ ပူတင်တို့ရဲ့ ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ ရည်ရွယ်ထားပြီး ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု၊ ယူကရိန်း ပိုင်နက်ဆိုင်ရာ ပြဿနာတွေနဲ့ ဥရောပလုံခြုံရေး စတဲ့ ခေါင်းစဉ်တွေကို လွှမ်းခြုံနိုင်ဖို့ မျှော်လင့်ထားပါတယ်။
Source: Reuters