
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ သောကြာနေ့မှာ တွေ့တဲ့အခါကျရင် ယူကရိန်းအတွက် နယ်မြေတချို့ ပြန်ရအောင် ကြိုးစားသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ထရမ့်ပ်က “ရုရှားက ယူကရိန်းနယ်မြေ အကြီးကြီးသိမ်းထားတာ။ အဓိက နယ်မြေကို သူတို့သိမ်းထားတာ။ ယူကရိန်းအတွက် အဲဒီနယ်မြေတချို့ကို ပြန်ရအောင် ကျုပ်တို့ကြိုးစားမှာပါ” လို့ ပြောပါတယ်။
တိုးတက်မှုရှိမရှိဆိုတာ ပူတင်နဲ့တွေ့ပြီး ၂ မိနစ်အတွင်း သိနိုင်ပြီး ဒီတွေ့ဆုံပွဲဟာ စစ်ပွဲအဆုံးသတ်ဖို့ တိုက်တွန်းမယ့် သဘောထား အကဲခတ်တဲ့ တွေ့ဆုံမှုတခုလို့ ဆိုပါတယ်။
ဒါပေမဲ့ ဥရောပခေါင်းဆောင်တွေကတော့ ယူကရိန်းရဲ့ သဘောတူညီချက်မပါတဲ့ ဘယ်လိုအပေးအယူမျိုးကိုမှ လက်ခံမှာမဟုတ်ဘူးလို့ အလေးအနက် ပြောထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကလည်း ကိယက်ဗ်မပါဘဲလုပ်တဲ့ ဘယ်လိုသဘောတူညီချက်မျိုးမဆို အသက်မဝင်တဲ့ ဆုံးဖြတ်ချက်တွေပဲ ဖြစ်လိမ့်မယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ပူတင်နဲ့ မဆွေးနွေးခင်ရော ဆွေးနွေးပြီးတဲ့အခါမှာပါ သမ္မတ ဇလန်းစကီးကို ဖုန်းခေါ်မယ်လို့ ထရမ့်ပ်က ပြောထားပြီး နောက်ပိုင်းမှာ သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ လုပ်နိုင်ခြေရှိတယ်လို့လည်း အရိပ်အမြွက် ပြောခဲ့ပါတယ်။
တချိန်တည်းမှာပဲ မဟာမိတ်ခေါင်းဆောင်တွေကလည်း ငြိမ်းချမ်းရေးသဘောတူညီချက်ကို ယူကရိန်းအပေါ် အတင်းအကျပ်ချမှတ်တာမျိုး မဟုတ်ဘဲ ယူကရိန်းနဲ့အတူတူ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းနေကြပါတယ်။
Source:Reuters